မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA နဲ့ မိုးကုတ်စစ်ဗျူဟာ PDFတို့ရဲ့ စစ်စခန်းတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာကြောင့် ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ တိုက်ပွဲပြင်းထန်နေကြောင်း သိရပါတယ်။
“မိုးလုံးမှိုင်း” စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ မိုးကုတ်စစ်ဗျူဟာ PDF တပ်ရင်း ၁ (အမှတ် ၁၂၂၁)၊ တပ်ရင်း ၃ (အမှတ် ၁၂၂၃)နဲ့ TNLA ပူးပေါင်းတပ်တို့ဟာ စစ်ဆင်ရေးအစဖြစ်တဲ့ စက်တင်ဘာ လဆန်းပိုင်းမှာ မိုးကုတ်မြို့ အရှေ့ဘက် ညောင်ကုန်းကျေးရွာအနီးက စစ်ကောင်စီတပ်စခန်း ၂ ခု ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်က ဆုံးရှုံးလိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူနိုင်အတွက်
စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ ၄၄၊ ၈၈၊ ၁၀၂၊ ၁၀၄) အင်အား ၂၀၀ ခန့်က TNLA/PDF စခန်းချရာနေရာတွေကို စတင်ထိုးစစ်ဆင်ခဲ့တာကြောင့် ဒီလ ၁၂ ရက်နေ့ကနေ ဒီကနေ့ထိ ပြန်လည်ခုခံတိုက်ခိုက်နေရတယ်လို့ PDFဘက်က ဆိုပါတယ်။
“ သူတို့ ထိုးစစ်ဆင်လာတဲ့ နေရာတွေမှာ ဖြစ်နေတာ။ စစ်ရေးအခြေနေတော့ တိုက်ပွဲဖြစ်နေတုန်းဘဲ။ “လို့ မိုးကုတ်အခြေစိုက် အမှတ် (၁၂၂၃) PDF တပ်ရင်းက တပ်ရင်းမှူး ကိုလရောင်က ပြောပါတယ်။
မနေ့တိုက်ပွဲဟာ တစ်နေ့ကုန်နီးပါးကြာမြင့်ခဲ့ပြီး TNLAဘက်က တိုက်ပွဲသတင်းထုတ်ပြန်ခဲ့သလို တိုက်ပွဲအတွင်းမှာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ မိုးကုတ်စစ်ဗျူဟာ PDF တပ်ရင်း ၁ (အမှတ် ၁၂၂၁)ဘက်က မနေ့ ထုတ်ပြန်ထားပါတယ်။
“ ဒီနေ့တော့ မြို့ထဲ ရှောင်လာကြတယ်။ တချို့လည်း ကိုယ်နဲ့ နီးစပ်နဲ့ ဆွေမျိုးအိမ်တွေမှာ ခိုလုံနေကြရတာပေါ့။ ရွာမှာ ကျန်နေသူတွေလည်းရှိသေးတယ်“လို့ အမည်မဖော်လိုတဲ့ ညောင်ကုန်းရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အလားတူ ကုန်းစံကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားမှုနဲ့ စစ်ကောင်စီတပ်က သွားလာလှုပ်ရှားနေတာကြောင့် ကုန်းစံရွာခံ လူဦးရေ ၃၀၀ ကျော်ဟာလည်း နီးစပ်ရာ ဆွေမျိုးနဲ့ မိုးကုတ်မြို့ပေါ်ကို သိမ်းရှောင်နေကြတာ ၁ လ ကျော်အထိ ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရပါတယ်။