အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ စိုင်းဟားမြို့မှာ ရောက်ရှိနေတဲ့ မြန်မာ စစ်ဘေး ဒုက္ခသည် ကလေးများ ပညာရေးအတွက် (MRCS) Myanmar Refugee Committee Saiha က မေ ၁၉ ရက် ညနေပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အသိအမှတ်ပြု ဒုက္ခသည်စာသင်ကျောင်းကို ဖွင့်လှစ်ခဲ့တယ်လို့ The Chin Journal က ဖော်ပြလိုက်ပါတယ်။
အဆိုပါ ကျောင်းဖွင့်ပွဲ အခမ်းအနားကို စိုင်းဟားမြို့ YMA ခန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကျောင်းသား ၁၉၂ ယောက်ကို သင်ကြားမှာ ဖြစ်ပါတယ်။
စိုင်းဟားမြို့ မြန်မာဒုက္ခသည် ကျောင်းတွင် ကျောင်းအုပ်ဆရာကြီး အဖြစ် တာဝန်ထမ်းဆောင်သူ ဒေါက်တာ ပဲန်မှုန်လိန်းက ”ကျောင်းသူ၊ ကျောင်းသား ၁၉၂ ယောက်က နာမည်စာရင်း ပေးထားပြီး မေလ ၂၂ ရက်နေ့ မြန်မာ သင်ရိုးအတိုင်း သင်ကြားမှု စမယ်လို့” The Chin Journal ကို ပြောကြားခဲ့ပါတယ်။
မြန်မာ ဒုက္ခသည် ကလေးများ စာသင်ကြား နိုင်ဖို့ Diamond Private School က အစိုးရ ကျောင်းဆင်းပြီး ညနေ ၃နာရီ နောက်ပိုင်းကို ယင်းတို့ရဲ့ စာသင်ခန်းကို အသုံးပြုခွင့် ပေးထားတယ်လို့ သိရှိရပါတယ်။