နေအိမ်တွေ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ စစ်ကိုင်းတိုင်းထဲက စစ်ရှောင်ပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယာယီတဲ ၁၀၈ လုံး ဆောက်လုပ်ပံ့ပိုးပေးခဲ့ပါတယ်။
ယာယီတဲတွေကို အခုလထဲမှာ ဆောက်လုပ်ပေးခဲ့တာလို့ စက်တင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်တာဖြစ်ပြီး မြို့နယ်နေရာကိုတော့ မဖော်ပြထားဘဲ လုံခြုံမှုရှိတဲ့နေရာတွေမှာ ဆောက်လုပ်ပေးခဲ့တာလို့ပဲ ဆိုပါတယ်။
ဒါကို ကိုရီးယားက ရဲဘော်တွေရရဲ့ ရန်ပုံငွေပံ့ပိုးမှုနဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ပေးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေကြောင့် နေအိမ် မီးရှို့ဖျက်ဆီးခံရတဲ့ အညာဒေသက စစ်ဘေးရှောင် အိမ်ထောင်စု ၁၄၆ စု အတွက်လည်း အရေးပေါ် အမိုးအကာချပ်တွေကို လူသားစာနာ တာဝန်ခံတွေကတဆင့် ပေးခဲ့သေးတယ်လို့ စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်ထားပါတယ်။
စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး The End of Dictatorship (EOD) အစီအစဉ်နဲ့ “အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့” ဆိုတဲ့ လှုပ်ရှားမှုက ရထားတဲ့ ရန်ပုံငွေကနေ ထောက်ပံ့တာလို့ ဆိုပါတယ်။
ဝန်ကြီးဌာနအနေနဲ့ ပြည်သူမှ ပြည်သူသို့ လှူဒါန်းငွေများဖြင့် တော်လှန်ရေးကာလအတွင်း ပဋိပက္ခဖြစ်ပွားရာဒေသတွေက စစ်ဘေးသင့်ပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေဖြစ်တဲ့ အရေးပေါ်စားနပ်ရိက္ခာနဲ့ အမိုးအကာတွေအပြင် နယ်မြေလုံခြုံရေးအရ ယာယီတဲတွေ ပြန်လည်တည်ဆောက်တာကိုလည်း လုပ်ပေးနေတယ်လို့ ဆိုပါတယ်။