ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မုက္ခမူကျေးရွာရှိ မုက္ခမူတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရတယ်လို့ Fire Dragon PDF အဖွဲ့ဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ည ၈ နာရီခန့်မှာ စစ်ကောင်စီနဲ့ရဲအင်အား ၁၅ ဦးခန့်ရှိ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“သတင်းအချက်အလက် စုံစမ်းပြီး သူတို့လုံခြုံရေးပေါ့လျော့တဲ့အချိန်မှာ လျှပ်တပြတ် ဝင်တိုက်ခိုက်ခဲ့တာ။ ပစ်ခတ်ချိန်က ၁၀ မိနစ်ဝန်းကျင်လောက်ပဲ ကြာမယ်။ စကစဘက်က ထိခိုက်သေဆုံးတာက ခိုင်မာတဲ့သတင်းရင်းမြစ်ဆီက ရတာပါ”လို့ Fire Dragon PDF တာဝန်ရှိသူက ပြောပါတယ်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ဒုရဲအုပ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြကာ ၄ ဦးဒဏ်ရာရခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လက်နက်တွေကောက်ယူဖို့ အချိန်မရတာကြောင့် မယူနိုင်ခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။
ဒီစစ်ဆေးရေးဂိတ်ဟာ ညောင်လေးပင်-မဒေါက်လမ်းပေါ်ရှိ မုက္ခမူကျေးရွာအလယ် ညောင်လေးပင်နဲ့ တမိုင်ခန့်အကွာမှာ တည်ရှိတာပါ။
အဲ့ဒီစစ်ဆေးရေးဂိတ်ကနေ ဒေသခံပြည်သူတွေကို ပြည်သူ့စစ်ထဲဝင်ဖို့ ဖိအားပေးတာ၊ ဖြတ်သန်း သွားလာနေတဲ့ ကားတွေနဲ့ဒေသခံတွေဆီကနေလည်း ငွေတောင်းကြမ်းတာတွေရှိတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၅ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအနီးရှိ တာပြတ် စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။