မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ထိန်းချုပ်နယ်မြေအတွင်း နေအိမ်တွေ ပျက်စီးသွားတဲ့ မိသားစုဝင်တွေအတွက် ပြန်ပြုပြင်နိုင်ဖို့ PSLF/ TNLA အုပ်ချုပ်ရးဌာနက ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ မနေ့က မေ ၂၉ ရက်မှာ TNLA သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ခဲ့ပါတယ်။
PSLF/ TNLA က ပျက်စီးသွားတဲ့ ပုံစံအပေါ်မူတည်ပြီး ထောက်ပံ့ငွေပေးအပ်ခဲ့ကာ တပ်မဟာ (၅) စစ်ဒေသ မုံးဟွမ်မြို့နယ်၊ နောင်ဟွယ်ကျေးရွာက ပျက်စီးခဲ့တဲ့ စာသင်ကျောင်းကို အသစ်ပြန်လည်ဆောက်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
မုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့အိမ်တွေထဲအတွက် မေလ ၂၆ ရက်နေ့က တအာင်းတပ်မဟာ (၃) တပ်မဟာမှူးဦးဆောင်တဲ့အဖွဲ့က မန်တုံမြို့နယ်၊ မိုလုံ(မိုးလိုင်) ကျေးရွာ ပြည်သူလူထုနဲ့တွေ့ဆုံပြီး နေအိမ် (၃) လုံးအတွက် ထောက်ပံ့ငွေ (၁၇) သိန်း ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နမ့်ဆန်မြို့နယ် အုပ်ချုပ်ရေးဌာနအဖွဲ့က တပ်မဟာ (၂) စစ်ဒေသထဲက မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ပန်အုလုကျေးရွာအတွင်းက နေအိမ် (၃) လုံးအတွက် အလှူငွေ (၁၀) သိန်းနဲ့ ဇယန်းမိုင်မိုင်ကျေးရွာက (၁၂) လုံးအတွက် (၂၆) သိန်းကျော် ထောက်ပံ့ပေးခဲ့ပြီး မိုင်းငေါ့မြို့နယ်၊ ပန်နင်းကျေးရွာအတွက် အလှူငွေ ကျပ်သိန်း (၁၂၀) သွားရောက်ထောက်ပံ့ခဲ့တယ်လို့ TNLA က ဆိုပါတယ်။
အခုလ ၁၄ ရက်နဲ့ ၁၅ ရက်တွေက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် TNLA ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာ ၂၂ ရွာက စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းအပါအဝင် လူနေအိမ် (၁၀၀) ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ PSLF/ TNLA သတင်းနဲ့ပြန်ကြားရေးဌာန ထံက သိရပါတယ်။