မေလ ၁၄ ရက်က တိုက်ခိုက်ခဲ့တဲ့ မိုခါ မုန်တိုင်းဒဏ်ကြောင့် ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ က စခန်း ၂ ခုဟာ ညတွင်းချင်း ရေနစ်ပြီး ပျက်ဆီးသွားတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း – ၁၆ တပ်ရင်းမှူး ဗိုလ်အောက်ဆွဲက ပြောပါတယ်။
တပ်ဖွဲ့က ကြိုတင်ပြင်ဆင်ထားပေမယ့် အဲဒီနေ့ည ၁၀ ခွဲလောက်မှာ လေပြင်းတိုက်ကာ ရေကြီးလာတာကြောင့် ရဲဘော်တွေ ဘေးလွတ်ရာညတွင်းချင်း ရွှေ့ပြောင်းနိုင်ခဲ့ကြပေမယ့် စခန်းအတွင်းက လက်နက်ကြီးနဲ့ ခဲယမ်းတွေအပါအဝင် တပ်ဖွဲ့သင်ထောက်ကူပစ္စည်းတွေ အကုန်နီးပါးက ရေထဲပါသွားခဲ့တယ်လို့ ဆိုပါတယ်။
ယင်းမာပင်ခရိုင်တပ်ရင်း – ၁၆ အနေနဲ့ စခန်း ၄ ခု ရှိပြီး မုန်တိုင်းကြောင့် စခန်းနှစ်ခု ပျက်ဆီးသွားခဲ့သလို ပြန်လည်တည်ဆောက်ဖို့ကိုလည်း အခက်အခဲတွေနဲ့ ကြုံတွေ့နေတယ်လို့ တပ်ရင်းမှူးက ပြောပါတယ်။ စခန်း ၂ ခုအပါအဝင် လက်နက်ကြီးနဲ့ တပ်ဖွဲ့အသုံးပစ္စည်း အားလုံးပေါင်း ကျပ်သိန်း ၅၀၀ ကျော် ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။