မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်း မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေက နာမည်ကျော် ဘုရား၊စေတီ၊ ပုထိုးတွေ ရေနစ်မြုပ်ကာ ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့တယ်လို့ သတင်း ရရှိပါတယ်။
မုန်တိုင်းမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် အာနန္ဒာဘုရား ရေဝင်နစ်မြုပ်တာ၊ ဓမ္မရာဇကဘုရား အောက်ခြေအုတ်ခုံ ပြိုကျ ပျက်စီးတာ၊ ထီးလိုမင်းလိုဘုရားနဲ့ သဗ္ဗညုဘုရား တံတိုင်း ပျက်စီးတာ၊ ပုထိုးသားများဘုရား ဆင်ဝင် ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
ပုဂံ – ညောင်ဦးဒေသမှာ မေ(၁၃)ရက်က စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လေပြင်းတွေလည်း တိုက်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။
“ယမန်နေ့မှစ၍ ယနေ့အထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်း ယဥ်ကျေးမှု နယ်မြေအတွင်း ပျက်စီးမှုများ၊ ရှေးဟောင်းဘုရားများ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အနော်ရထာမင်း နန်းတော်ရာအဆောင် (B)အတွင်း ရေဝင်ရောက်ခြင်း၊ အာနန္ဒာဘုရားကြီးတွင် ရေဝင်ရောက်ခြင်း၊ ဓမ္မရာဇက ဘုရားကြီး အနောက်မြောက်ထောင့် အောက်ခြေပတ်လည် ရင်ပြင်အုတ်ခုံ အလျား(၁၅)ပေ၊ အကျယ်(၂ဒဿမ၅)ပေ၊ အမြင့်(၈)ပေခန့်၊ ပျက်စီးမှု (၀.၀၁ ရာခိုင်နှုန်းခန့်) ပြိုကျခြင်း၊ ထီးလိုမင်းလိုဘုရား အရှေ့မုခ်အဝင် မြောက်ဘက်တံတိုင်း ချင်မိတ်တိုး အလျား(၈)ပေ၊ အနံ (၂)ပေခန့်၊ ပျက်စီးမှု (၀.၀၀၁ ရာခိုင်နှုန်းခန့်) ပဲ့ကျခြင်း၊ သဗ္ဗညုဘုရား တောင်ဘက်အုတ်တံတိုင်း အလျား(၁၃)ပေ၊ အမြင့်(၃)ပေ၊ ထု(၁)ပေ(၄)လက်မခန့်၊ ပျက်စီးမှု (၀.၀၅ ရာခိုင်နှုန်းခန့်) ပဲ့ကျခြင်း၊ ပုထိုးသားများဘုရား အရှေ့ဆင်ဝင် မျက်နှာစာ အလျား(၁၅)ပေ၊ ထု(၃)ပေခန့်အုတ် (၁)လွှာ၊ ပျက်စီးမှု (၀.၀၀၁ ရာခိုင်နှုန်း)ခန့် ပဲ့ကျခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း” လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
ဒါ့အပြင် မေ(၁၄)ရက် နေ့လည်ပိုင်းက ညောင်ဦးမြို့နယ်၊ ရွာသာကျေးရွာမှာ တည်ထားတဲ့ ဥာဏ်တော်အမြင့်ပေ (၇၀)ခန့်ရှိ ရွှေဘုံသာဘုရား ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။