စစ်ကိုင်းတိုင်း မြောင်နဲ့ မြင်းမူမြို့နယ်မှာ မိုခါ မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းပြီး အချိန်မီ မရိတ်သိမ်းလိုက်နိုင်ဘဲ ရေမြုပ်ပျက်စီးသွားတဲ့ ဒေသခံ တောင်သူတွေရဲ့ ကောက်ပဲသီးနှံတွေကို ဒီနေ့ မေ(၁၄)ရက်မှာ ဒေသကာကွယ်ရေး ရဲဘော်တွေက ဝိုင်းဝန်းကူညီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ မြောင်နဲ့ မြင်းမူမြို့နယ် အခြေပြု တောလှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ – မြောင် CDSOM နဲ့ မြင်းမူမြို့ပြ တော်လှန်ရေးအဖွဲ့ – MCRF တို့က သတင်း ထုတ်ပြန်ပါတယ်။
“မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အချိန်မီ မရိတ်သိမ်းလိုက်ရတဲ့ ယာခင်းများ၊ မသိမ်းဆည်း လိုက်ရတဲ့ သီးနှံများနဲ့ ရေနစ်မြုပ်သွားသော ယာခင်းများအား ကျွန်တော်တို့ မြင်းမူမြို့ပြ တော်လှန်ရေးအဖွဲ့မှ သွားရောက် ကူညီပေးခဲ့ပါတယ်။ မိဘပြည်သူများလည်း မုန်တိုင်းဒဏ်မှ ဘေးကင်းကြပါစေခင်ဗျာ” လို့ မြင်းမူ MCRF က ဖော်ပြပါတယ်။
မိုခါ မုန်တိုင်းကြောင့် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းပြီး ရေမြုပ်ကုန်တဲ့ ပြည်သူတွေရဲ့ ကောက်ပဲသီးနှံတွေကို ကာကွယ်ရေးအဖွဲ့တွေကို ဝိုင်းဝန်းကူညီ ရွှေ့ပြောင်း သယ်ဆောင်ပေးခဲ့တယ်လို့ မြောင် CDSOM အဖွဲ့က ကိုနွေဦး – မြောင် က ဆိုပါတယ်။
ဒီနေ့ မေ(၁၄)ရက် နေ့လည်(၂)နာရီခွဲက စတင်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့အနီးကနေ ကုန်တွင်းပိုင်းကို ဝင်ရောက် တိုက်ခတ်နေပြီဖြစ်တဲ့ အလွန့်အလွန် အားကောင်းတဲ့ မိုခါ ဆိုင်ကလုန်း မုန်တိုင်းဟာ လာမယ့် နာရီပိုင်းအတွင်း စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းထဲ လေတိုက်နှုန်း တစ်နာရီ မိုင်(၆၀)ကနေ မိုင်(၇၀)ခန့်အထိ တိုက်ခတ် ဝင်ရောက်မည် ဖြစ်ကာ မိုးရွာ၊ ရေကြီး၊ မြေပြိုမှု အန္တရာယ်တွေ ကြုံရနိုင်တယ်လို့ စစ်အုပ်စုရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် သတိပေးထားပါတယ်။