စစ်ကောင်စီက လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုခဲ့သည့် ကချင်ပြည်နယ် လိုင်ဇာဒေသ မုန်လိုင်ခက်ကျေးရွာစစ်ရှောင်စခန်းအတွက် အရေးပေါ် အသုံးပြုနိုင်ရန် ကျပ်သိန်း ၁၀၀လှူဒါန်းခဲ့ကြောင်း The Way ရုပ်ရှင်က အသိပေးထားသည်။
“မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုမှာ အရေးပေါ် လိုအပ်ချက် အသုံးပြုနိုင်ရေးအတွက် The Way Musical Film မှ ကျပ်သိန်း၁၀၀ကို မနေ့ညက ချက်ချင်းပဲပေးပို့ လှူဒါန်းနိုင်ခဲ့ပါတယ်။ ဒီလို Urgent လှူဒါန်းနိုင်တာဟာ The Way ကို အားပေးခဲ့ကြသူ တော်လှန်ပြည်သူတစ်ယောက်ချင်းစီရဲ့ ဖေးမမှုတွေကြောင့် ဖြစ်ပါတယ်။” ဟု The Way ရုပ်ရှင်၏ ဖေ့စ်ဘွတ်ခ်၌ ဖော်ပြထားသည်။
The Way Musical ရုပ်ရှင်ကို ဒါရိုက်တာ လင်းလင်းက ရိုက်ကူးထားပြီး စက်တင်ဘာမှစတင်၍ ကမ္ဘာ့နိုင်ငံအသီးသီး၏ မြို့ကြီးများ၌ ပြသနေရာ ပရိသတ်အားပေးမှုရရှိနေသည်။
ယင်းရုပ်ရှင်မှရရှိသည့် ငွေများကို စစ်ဘေးရှောင် ဘိုးဘွား ၊ မိသားစုများနှင့် ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အသုံးပြုမည်ဟု လင်းလင်းက အသိပေးထားသည်။
ကချင်ပြည်နယ် လိုင်ဇာမြို့နှင့် ၂မိုင်ခန့်အကွာတွင် တည်ရှိသည့် လူဦးရေ ၅၀၀ခန့် နေထိုင်သော မုန်လိုင်ခက်ရွာနှင့် စစ်ရှောင်စခန်းကို စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်မှု နှင့်လေကြာင်းတိုက်ခိုက်မှု ပြုလုပ်ရာတွင် အင်အားပြင်းထန်သည့် ဗုံးသီးများပါဝင်ပြီး ပေါက်ကွဲသည့်တည်နေရာနှင့် ပေ ၂၀၀ခန့်အထိ သက်ရောက်မှုရှိခဲ့ကာ ကလေးငယ်များအပါအ၀င် ဒေသခံနှင့် စစ်ရှောင်ပြည်သူများသေဆုံး ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဝန်ကြီးဌာနက ထုတ်ပြန်သည့် Infograph တွင် သေဆုံးသူ ၃၀ဦး၊ ဒဏ်ရာရသူ ၅၇ဦး ရှိပြီး
တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ မူကြိုကျောင်း၊ ဘုရားကျောင်း ၊ နေအိမ် ၅၀လုံးတို့ ပျက်စီးခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြထားသည်။