ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်စခန်း အားလုံး ကို တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် အများအပြား လက်နက်ချ အညံ့ခံခဲ့ကြောင်း KNU-ဗဟို က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ခန့်က စတင်ပြီး ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ ၊ မုန်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ−၅၉၉၊ ခမရ−၅၉၀၊ မုန်းမြို့မ ရဲစခန်းနှင့် တံတားထိပ် ဂိတ်စခန်းတို့ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ယင်းစခန်းများ အားလုံးကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် တော်လှန်ရေး တပ်ဖွဲ့ဝင်အင်အား ၁၅၀၀ ခန့်ဖြင့် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ ယင်းစခန်းများရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပြည်သူများကို ပစ်မှတ်ထားပြီး ပြည်သူများနေထိုင်သော ကျေးရွာများအတွင်းနှင့် လုပ်ငန်းခွင် များအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်လျက် ရှိသောကြောင့် ပြည်သူလူထုအမြောက်အများ ထိခိုက်သေဆုံးကာ လုပ်ငန်းခွင်များအတွင်းသို့ သွားရောက်လုပ်ကိုင် နိုင်ရန် အခက်အခဲများဖြစ်ခဲ့ကြောင်း သိရှိရသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပြည်သူလူထုများ၏ သဘောဆန္ဒနှင့် အညီ ယင်းတပ်စခန်း များကို တိုက်ခိုက်ချေမှုန်းရခြင်းဖြစ်ကြောင်း၊ ဟင်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အဆင့်အပါအဝင် အများအပြား လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ မုန်းမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ထံသို့ ဆွာမြို့ အခြေစိုက် ခလရ ၈၄ မှ ဗိုလ်မှူး (ဒုရင်းမှူး)၊ ဗိုလ်ကြီး (တပ်ခွဲမှူး) တို့နှင့်အတူ လက်အောက်ခံတပ်သားများ၊ မိသားစုဝင်များ ပါဝင် လက်နက်ချကြောင်း သိရှိရသည်။