မွန်ပြည်နယ် ၊ မုပ္ပလင်တွင် စစ်ကောင်စီ ယာဥ်တန်းကို ယမန်နေ့ ဇူလိုင်လ ၁၂ ရက် နေ့လယ် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များမှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း တောကျီးကန်း PDF တပ်ရင်းထံက သိရသည်။
မွန်ပြည်နယ် ၊ သထုံဘက်မှ ဆင်းလာသည့် စစ်ကောင်စီကား ရှစ်စီးကို ရွှေညောင်ပင်ကျေးရွာ အနီး (ဒေသအခေါ် ကုလားမကွေ့) တွင် KNLA တပ်ဖွဲ့နှင့် တောကျီးကန်း PDF တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ သထုံကနေ ဆင်းလာတဲ့ စစ်ကောင်စီ ကားတန်း ရှစ် စီး ကို ကုလားမကွေ့နားမှာ တိုက်ခိုက်ခဲ့တာပါ။ အဝေးကနေလှမ်းပစ်တဲ့ ၄၀-မမ အသီးက ကွဲပြီး ကားထဲတန်းဝင်တာ။ စစ်ကောင်စီဘက်က သေဆုံးသူ အနည်းဆုံး ၁၅ ယောက် အထက်ရှိပြီး ဒဏ်ရာရရှိသူ များပြားတယ်လို့ သိရတယ်” ဟု အဆိုပါ တိုက်ခိုက်မှုတွင် ပါဝင်သည့် တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီယာဉ်မှပြန်လည်ပစ်ခတ်မှုများခဲ့သောကြောင့် အရပ်သား အမျိုးသမီး တစ်ဦး လက်မောင်းတွင် ကျည်ဆံရှပ်ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရမှုအပြီးတွင် မုပ္ပလင်မြို့နယ်နှင့်စစ်တောင်းမြစ် ကမ်းရိုးတလျှောက်တွင် စစ်ကောင်စီတပ်သားများ အင်အားပိုမိုတိုးမြှင့်ချထားမှုများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် ကရင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ ပြုလုပ် နေသော်လည်း ထိခိုက်သေဆုံးမှုများ ပိုမိုများလာ၍ လေကြောင်းအသုံးပြုကာ ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်လာကြောင်း ဒေသခံများထံက သိရသည်။