ကျိုက်ထိုမြို့နယ်၊မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ယနေ့ ထုတ်ပြန်သည်။
မုပ္ပလင်ဂိတ်စခန်း၌ စစ်ကောင်စီသည် ဘန်ကာများ အခိုင်အမာ တည်ဆောက်နေပြီး အင်အားများလည်း ထပ်မံတိုးချဲ့ကာ ခရီးသွားပြည်သူများကို အတင်း အကြပ်စစ်ဆေးမှုများပြုလုပ်နေသောကြောင့် ဧပြီ ၄ ရက်နေ့ ၊ နေ့လည် ၂ နာရီ ၂၅ မိနစ် ခန့်က တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
တိုက်ခိုက်မှုကို KNU/KNLA၊ ကျိုက်ထို ပကဖ နှင့် KRF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဂိတ်ခေါင်မိုးပေါ် တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ကြောင်း အသိပေးထားသည်။KRF မှ ထုတ်ပြန်သော ရုပ်သံမှတ်တမ်းတွင်လည်း ဂိတ်ခေါင်မိုးပေါ်သို့ ကျရောက်ပေါက်ကွဲသည်ကို တွေ့ရသည်။
သို့သော် စစ်ကောင်စီ၏ ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။
“ထိခိုက်မှုအခြေအနေမှာ သူတို့ဘက်က သတင်းစုံစမ်းလို့ မရအောင် အုပ်ထားတယ်ဗျ”ဟု KRF တာဝန်ရှိသူက လူထုနွေဦး သို့ပြောသည်။
တိုက်ခိုက်မှု ပြုလုပ်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ ထိခိုက်မှုမရှိခဲ့ကြောင်း KRF က ပြောသည်။
မုပ္ပလင်ဂိတ်စခန်းကို မဖျက်သိမ်းဘဲ အင်အားဆက် လက်တိုးချဲ့ပါက ယခုထက် ပိုပြင်းထန်သည့် တိုက် ခိုက်မှုများ ပြုလုပ်ဆသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မကြာသေးမီရက်ပိုင်းကလည်း ကျိုက်ထိုမြို့နယ်အတွင်းစစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကိုအကောင် အထည်ဖော်ပြီး လူငယ်များစာရင်းကို လိုက်လံကောက်ယူသူလေးဦးခန့်ကို KRF က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။