စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကြေးမုံကျေးရွာအနီးတွင် ဒေသတွင်း PDFအဖွဲ့တစ်ဖွဲ့၏ ထုတ်လုပ်ရေးစခန်းတစ်ခု စီးနင်းခံရပြီး ရဲဘော် လေးဦးကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (စက်တင်ဘာ ၆ ရက်) နံနက် ၅နာရီခန့်က ခမရ(၇၀၃)မှ အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်သည် ကြေးမုံကျေးရွာအနီးရှိ ဒေသတွင်း PDFအဖွဲ့တစ်ဖွဲ့၏ ထုတ်လုပ်ရေးစခန်းစီးနင်းကာ ရဲဘော် ခြောက်ဦးအား ပစ်သတ်ခဲ့ရာ လေးဦးကျဆုံးခဲ့ပြီး နှစ်ဦးမှာ အသက်မသေဘဲ ဒဏ်ရာမှာစိုးရိမ်ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ စခန်းမှာ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force South Monywa ၏ တပ်ခွဲ(၃) တပ်စု(၁) Monywa Peacock Defence Forceအဖွဲ့၏ ထုတ်လုပ်ရေးစခန်းဖြစ်ပြီး အဖွဲ့မှ ရဲဘော်တစ်ဦးနှင့် အခြားLPDFမှ ရဲဘော် သုံးဦးကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PDF-South Monywa ၏ တာဝန်ရှိသူ Oxygen က ပြောသည်။
“အဲ့အချိန် စခန်းမှာ ခုနစ်ယောက်ရှိနေတာပါ။ ဝင်ရောက်စီးနင်းချိန် တစ်ယောက်ပဲလွတ်လာတာပါ။ တန်းစီပြီးပစ်သွားတာ။ အကုန်သေပြီထင်ပြီး ဒီတိုင်းထားခဲ့တာပါ။ ကျွန်တော်တို့တပ်ရင်းက ရဲဘော်တစ်ဦးပဲ ကျဆုံးတာပါ။ ကျန်တာစခန်းကို အလည်လာတဲ့သူတွေပါ။”ဟု Oxygen က ပြောသည်။
စစ်အုပ်စုက ထိုစခန်းကိုဝင်ရောက်စီးနင်းပြီးနောက် ရဲဘော်များကိုသတ်ဖြတ်ကာ စခန်းအား မီးရှို့သွားခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆက်သွယ်ရေးတာဝန်ခံ ကိုနေမော်က ပြောကြားသည်။
စခန်းရှိ လက်နက်ခဲယမ်းအချို့လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ယနေ့အထိ အခင်းဖြစ်ပွားရာအနီးတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ရှိနေဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။