စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နည်းပညာတက္ကသိုလ်(GTC) ဂိတ်က ကင်းသမားတွေကို PDF က သွားရောက်ပစ်ခတ်ရာ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ Golden Eagle Force – Monywa အဖွဲ့ဆီက သိရပါတယ်။
ဇွန်လ ၁၄ ရက် မနေ့ကနေလယ် ၁ နာရီကျော်လောက်မှာ မုံရွာမြို့၊ နည်းပညာတက္ကသိုလ်(GTC) အတွင်းမှာ ရဲနဲ့ စစ်သားတွေက တပ်စွဲထားပြီး ဝင်ပေါက်ဂိတ် ဘန်ကာ ၂ ခုမှာ ကင်းစောင့်နေချိန် ကာကွယ်ရေးအဖွဲ့ ၅ ဖွဲ့ ပူးပေါင်းကာ ကား ၂ စီးနဲ့ သွားရောက်ပစ်ခတ်ခဲ့ကြတာပါ။
“ကျနော်တို့ ၁ နာရီ ၅ မိနစ်ဝန်းကျင်မှာစတင်ပစ်ခတ်ခဲ့တာပါ၊ ပစ်ခတ်တိုက်ခိုက်အချိန်က ၆ မိနစ်လောက် ကြာပါတယ်၊ ကျနော်တို့သိရသလောက် ဘန်ကာထဲက ၄ ကောင်မှာ ၃ ကောင်ကတော့ နေရာမှာတင် သေဆုံးသွားတယ်၊ ၁ ကောင်ကတော့ ဘန်ကာထဲမှာဝပ်ပြီးတော့ ရမ်းပစ်တာဖြစ်တဲ့အတွက် သူက မသေဘူး”လို့ Golden Eagle Force – Monywa မှ ဗိုလ်လင်းယုန်က ပြောပါတယ်။
တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပေမယ့် အသေးစိတ်ကို အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။
အခင်းဖြစ်ပြီးနောက် အဲ့ဒီနားပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေက ဆဲဆိုနေပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို Golden Eagle Force – Monywa၊ Red Star Front – ကြယ်နီတပ်ဦး (PLA)၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ God of Monywa People Defence Force၊ တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။