မုံရွာနှင့် ရေစကြိုမြို့တွင် ဆိုင်ကယ်တစ်စီးတည်း အမျိုးသားနှစ်ဦး စီးနင်းလာသူများအား စစ်ကောင်စီတပ်က အကြောင်းမဲ့လိုက်လံပစ်ခတ်၍ ထိခိုက်မှုသေဆုံးမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၁၆ ရက်နှင့် ယနေ့ (၁၈ ရက်)အထိ မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်နှစ်ယောက်စီးသူများအား စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့၍ သုံးဦးသေဆုံးသည်ဟု သတင်းများထွက်ပေါ်နေကြောင်း မုံရွာမြို့ခံများက ပြောသည်။
“တမြန်နေ့က သုံးယောက်ပိုးစီးလို့ လိုက်ပစ်တာ။ နှစ်ယောက်သေတယ် ကြားတယ်။ မနေ့က တစ်ယောက်ကတော့ တစ်ယောက်တည်းစီးလာတာကို ပြန်ကွေ့လိုက်မိလို့ပစ်တာ သေတယ်ပြောတယ်။ ဒီမနက်ကကျ အောင်ချမ်းသာရပ်ကွက်မှာဖြစ်တာ။ သေ၊ မသေမသိရသေးဘူး။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။
အလားတူ ဇွန်လ ၁၆ ရက် နံနက်ပိုင်းကလည်းမကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုက်တွဲတစ်စီးကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ရာ မောင်းနှင်လာသူအမျိုးသား ကျည်ထိမှန်ခဲ့ကြောင်း မြို့ခံများက ပြောသည်။
“တိုက်ကြီးကျောင်းထဲနေတဲ့ ဆိုက်တွဲသမား ကိုမျိုးဆိုတဲ့ သူ့ညီနဲ့ ထင်းတန်းထဲက သူ့အမေအိမ် သွားတာ။ လမ်းမှာ စကစ လှည့်ကင်းလှည့်တာနဲ့တိုးတာ။ ဆိုက်တွဲရပ်ခိုင်းတာကို အရှိန်မသေတော့ရပ်မရဘူး။ ပြီးမှရပ်တော့ နားမထောင်လို့ဆိုပြီး စကစ အဖွဲ့က လှမ်းပစ်လိုက်တာတဲ့။ ကိုမျိုး ဆိုတဲ့သူ နောက်ကျောဘက် သေနတ်ကျည်ထုတ်ချင်းပေါက် ထိမှန်သွားတယ်။ သေမယ် ရှင်မယ် မသိနိုင်သေးဘူး။”ဟု ရေစကြိုမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် မကွေးတိုင်း ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုတွင် ၎င်းတို့အား မကြာခဏ ပြောက်ကျားလာရောက်တိုက်ခိုက်ခံနေရ၍ အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်းအတူမစီးရန် ကန့်သတ်ထားသည်။
မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင်လည်း အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရန် သက်မှတ်ထား၍ ဒေသခံများ သွားရေးလာရေးအခက်အခဲများတွေ့နေကြောင်း မြို့ခံများက ပြောသည်။