စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာကို ကျောက်စစ်ပုံအမြှောက်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ပြည်သူ ၅ဦး ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ၁၇ ရက်)နေ့လယ် ၁ နာရီခန့်က မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာသို့ လက်နက်ကြီးကျည်များကျရောက်ပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ကျောက်စစ်ပုံအမြှောက်တပ်ကနေ လက်နက်ကြီး ၇ လုံးပစ်တာ။ ပြည်သူ့ရွာတွေဘက်ကို သေချာပစ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခြင်းဟု ဒေသခံများက ပြောသည်။
ထို့အပြင် နေအိမ်တစ်လုံးလည်းပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန် နွားနှင့်ကြက် ၅ ကောင်ထက် မနည်းသေဆုံးကြောင်း မုံရွာရပ်ကွက်ကင်းထောက်များအဖွဲ့က ပြောသည်။
အလားတူ ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းကလည်း ထီးတော်တင်ကျေးရွာ၌ စစ်တပ်ကဝင်ရောက်ပစ်ခတ်၍ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
မုံရွာဝန်းကျင်၌ စစ်တပ်က လက်နက်ကြီးဖြင့်အကြောင်းမဲ့ပစ်ခတ်နေ၍ ပြည်သူထိခိုက်သေဆုံးမှု လစဥ်နီးပါးရှိနေသည်။
ဖေဖော်ဝါရီ၁၂ ရက် နေ့လယ် ၁၂ နာရီခန့်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ မုံရွာမြို့နယ်၊ ထနောင်းတော (တောင်)ရွာရှိ လက်ဖက်ရည်ဆိုင်သို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသားလေးဦး သေဆုံးကာ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။