စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် ဗကသကျောင်းသားလူငယ်များက ဦးဆောင်၍ ဆဲဗင်းဇူလိုင် ကျောင်းသားအရေးတော်ပုံ (၆၁) နှစ်ပြည့် အခမ်းအနားအဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောပွဲကို ယနေ့ (ဇူလိုင် ၁၀) ညနေက ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် နယ်မြေခံ အခြေခံပညာကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌမှ အဖွင့်စကားပြောကြားခြင်း၊ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုရှင်းသန့်မှ ကျောင်းသားလှုပ်ရှားမှု သမိုင်းအား ရှင်းလင်းပြောကြားခြင်း၊ ရဲဘော်များမှ ဆဲဗင်းဇူလိုင် အထိမ်းအမှတ် ကဗျာရွတ်ဆိုခြင်း၊ နိုင်ငံရေးတရား ဟောပြောခြင်းများ ပြုလုပ်ပြီး သွေးသစ္စာ သီချင်း သီဆိုကာ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားကို မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ နှင့် နယ်မြေခံ အခြေခံပညာ ကျောင်းသားများသမဂ္ဂ တို့ ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။