စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြီးဗဒုံကျေးရွာနှင့် ခိုသန်းကျေးရွာကို စစ်တပ်က မီးတင်ရှို့မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး အိမ်ခြေ ၁၅၀ နီးပါး မီးလောင်ကျွမ်းသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
မတ်လ ၅ ရက်နေ့ ည ၈ နာရီကျော်အချိန် စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကြီးဗဒုံကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ဝင်ရောက်လာပြီး အိမ်ခြေများကို မီးရှို့ဖျက်ဆီးကြောင်း၊ မီးရှို့မှု ကြောင့် အသက် ၆၀ နီးပါး အရွယ်ရှိ အမျိုးသမီးတစ်ဦး သေဆုံးပြီးအိမ်ခြေ ၄၀ ကျော် ပြာကျသွားကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်တာလည်းမရှိဘဲ အဲဒီစစ်ကြောင်းက ဝင်လာပြီး မီးရှို့တာ။ မပြေးနိုင်လို့ အဖမ်းခံရတဲ့ အမျိုးသမီး ၁ ဦး ထဲပါသွားတယ်။ ကြီးဗဒုံးကျေးရွာကို မီးမမရှို့ခင် ပစ္စည်းတွေ လုယက်ရှာဖွေသွားသေးတယ်။ ပျူစောထီးတွေလည်းပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
အလားတူ မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ခိုးသန်းကျေးရွာကိုလည်း စစ်တပ်က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်ဖွဲ့က အိမ်ခြေ ၅၀၀ ကျော်ရှိသော ခိုးသန်းကျေးရွာကို မတ်လ ၁ ရက်နေ့တွင် ပထမအကြိမ်မီးရှို့ခဲ့ပြီး ကျေးရွာဆေးပေးခန်းအပါအ၀င်အိမ်ခြေ ၉၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း၊ မတ်လ ၅ ရက်နေ့တွင် ဒုတိယအကြိမ်မီးရှို့သွားခြင်းဖြစ်ကြောင်းသိရှိရသည်။