စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထနောင်းတောရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မုံရွာ- မန္တလေး လမ်းပိုင်း၊ မအူဂိတ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ထနောင်းတောတောင်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့သောကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့၀င် တစ်ဦးက ပြောဆိုသည်။
“ထနောင်းတောက လက်ဖက်ရည်ဆိုင်ရှေ့ ကျကွဲတာ ပြည်သူ ၃ ဦး သေဆုံးတယ်လို့ လောလောဆယ် အတည်ပြုနိုင်တယ်။ ထနောင်းတောရွာက ၁ ဦးရယ် ကြာပိုင်ရွာက ၁ ဦးရယ် နောက် ၁ ဦးက ခရီးသွားလို့ သိရတယ်” ဟု မုံရွာမြို့နယ် ပြည်သူ့ကာ ကွယ်ရေး အဖွဲ့၀င်တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူ များလည်း ရှိကာ အသေးစိတ် အခြေအနေကို ထပ်မံ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
မုံရွာ-မန္တလေးလမ်းပိုင်း၊ မအူဂိတ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မုံရွာတောင်ပိုင်းနယ်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ်လ ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။