စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ညောင်ဖြူပင်ရဲစခန်းအား ဒေသတွင်းPDFများ သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force )၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
နိုဝင်ဘာ ၂၄ ရက် နံနက် ၅ နာရီခန့်ကစတင်ပြီး ညောင်ဖြူပင်ရဲစခန်းအား ဒေသတွင်း PDFအဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲချိန် ၁နာရီကျော်ကြာအတွင်း ညောင်ဖြူပင်ရဲစခန်းနှင့် ၂၅ မီတာအကွာအထိ ရောက်ရှိခဲ့သော်လည်း ကျည်မလုံလောက်ခြင်း၊ လက်နက်မပြည့်စုံခြင်း၊ လက်နက်ကြီးများမပါဝင်ခြင်းကြောင့် စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ပြန်ဆုတ်ခဲ့ကြောင်း Chindwin Attack Force ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး ပြည်သူ့ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Chindwin Attack Forceက အသိပေးသည်။
“စခန်းနားကိုဝင်တာက မီတာ၂၅အထိ ကပ်နိုင်ခဲ့တယ်။စခန်းထဲကလူတွေနဲ့ဟိုဘက်ဒီဘက် စကားပြောလို့ရတဲ့အနေအထားထိနီးတယ်။ ခုနစ်ကောင်သေတာကလည်း မျက်မြင်ပါ။ ပစ်တာက သူတို့ဘက်ကစပစ်တယ်။ဘန်ကာအပြင်ဘက်ရောက်နေတဲ့သူတွေကို ရအောင်ပစ်ခဲ့တယ်။”ဟု Chindwin Attack Force ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း (၄)၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys )၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၁) Spring Dove PDF၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၃) Monywa Nightking PDF၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၄) 5/Teachers Defence Force PDF၊ မုံရွာခရိုင်တပ်ရင်း (၁၇) ၊ DLC Local တပ်ပေါင်းစု ၊ Special Guerilla Force – Monywa S.G.F ၊ 5/UG Commando Force ၊ ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) ၊ ဒဿ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။