စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ သက္ကယ်ကျင်းကျေးရွာမှ နေအိမ် ၄၅၀ခန့် မီးရှို့ဖျက်ဆီးခံရပြီး အခြေခံစားသောက်ကုန်များ လိုအပ်နေကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့က ပြောသည်။
မတ်လ ၁၅ရက် နေ့လယ်ပိုင်းမှစတင်၍ သက္ကယ်ကျင်းကျေးရွာကို စစ်တပ်က ၅ နာရီကြာ မီးရှို့ ဖျက်ဆီးခဲ့သည်။ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၄၈လုံး မီးလောင်ပျက်စီးခဲ့ပြီး ကျေးရွာဒေသခံများမှာ စားသောက်နေထိုင်ရေးခက်ခဲနေကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့က ပြောသည်။
“မီးဘေးသင့်ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်။”ဟု အထက်ပါအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မီးရှို့ခံနေအိမ်ရှင်များအတွက် စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့သည် ယမန်နေ့မတ်လ ၁၆ရက်က စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းပေးခဲ့သည်။ သို့သော် လိုအပ်မှုများရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် သက္ကကျင်းရွာ မီးလောင်ပြင်မှ အသက် (၇၀)ကျော် အဘွားအိုတစ်ဦး ၊ အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း ပြည်သူ လေးဦး၏ ရုပ်အလောင်းများကို တွေ့ရှိထားသည်။
ထို့အပြင် စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ဒေသခံပြည်သူ ၃၀ကျော်ကိုမူ ယနေ့အထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက မုံရွာမြို့နယ် အရှေ့ပိုင်းကျေးရွာများအား မီးရှို့နေပြီး ကျေးရွာ(၈)ရွာရှိ နေအိမ် ၂၈၀ကျော် ပျက်စီးခဲ့ကာ အမျိုးသမီးသုံးဦး သေဆုံးခဲ့သည်။