စစ်ကိုင်းတိုင်း မုံရွာမြို့ ဘုန်းစိုးရပ်ကွက်အတွင်းမှာ ဒီနေ့ မေ(၁၉)ရက် နေ့လယ်ပိုင်း ဆိုင်ကယ်စီး သွားလာနေတဲ့ လူငယ်နှစ်ယောက်ကို စစ်အုပ်စုက ရပ်ကွက်ထဲအထိ ကားနဲ့လိုက်တိုက်၊ သေနတ်နဲ့ လိုက်ပစ်လို့ လူငယ်တစ်ယောက် သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မုံရွာမြို့ ဘုန်းစိုးရပ်ကွက် ဘုန်းစိုးလမ်းမကြီးနဲ့ နေဇာလမ်းကြား၊ လမ်းသွယ်ထဲမှာ ဆိုင်ကယ်စီး လာတဲ့ လူငယ် နှစ်ယောက်ကို စစ်အုပ်စုက ကားနဲ့တိုက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
“ကောင်လေးတွေက နှစ်ယောက်ပိုး စီးလာတာ။ ဟိုကောင် (စစ်အုပ်စု)တွေက အိမ်စီးကား တွေနဲ့ ဝိုင်းလိုက်တာ။ အဲ့ဒီမှာ ထိပ်တိုက်၀င်လာတဲ့ ကားက ဆိုင်ကယ်ကို မျက်နှာချင်းဆိုင် ၀င်တိုက်ပြီး သေနတ်နဲ့ ပစ်တာ။ တစ်ယောက် သေသွားတယ်။ တစ်ယောက်က ထွက်ပြေးတော့ လွတ်သွားတာ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်အုပ်စုက အုပ်စုဖွဲ့ပြီး ပစ်ခတ်သတ်ဖြတ်လို့ သေဆုံးသူဟာ အသက်(၂၀)၀န်းကျင်အရွယ်သာ ရှိသေးပြီး ဘယ်သူဘယ်ဝါ ဆိုတာ မသိရသေးဘဲ ရုပ်အလောင်းကို လူမှုကူညီရေးကားနဲ့ လာသယ်ယူသွားတယ်လို့ ဆိုပါတယ်။
“အလောင်းကတော့ နာရီ၀က်လောက်ကြာမှ လူမှုကူညီရေးကားနဲ့ လာသယ်သွားတာ။ လွတ်သွားတဲ့ ကလေးလည်း ရပ်ကွက်ထဲ လိုက်ရှာ ကြသေးတယ်၊ တွေ့တော့ တွေ့မသွားကြဘူး” လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက မုံရွာမြို့ပေါ်က ရပ်ကွက်တွေ၊ လမ်းတွေကို ပိတ်ပြီး ဂိတ်ဖွင့်ကာ ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေပြီး မုံရွာမြို့ပေါ် ဆိုင်ကယ်စီးသွားလာရင်း စစ်အုပ်စုရဲ့ ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်ခံရလို့ သေဆုံးသူ (၁၀)ဦးထက်မနည်း ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။