စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်တွင် စက်တင်ဘာလက ဖြစ်ပွားခဲ့သော နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြမှုကြောင့် စစ်ကောင်စီက နောက်ဆက်တွဲအရေးယူမှုအနေဖြင့် ထောင်အာဏာပိုင်များကို ရာထူးမှထုတ်ပယ်လိုက်ပြီး အကျဉ်းသားများကိုလည်း ပြစ်ဒဏ်များ ထပ်မံ ချမှတ်ထားကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၈ရက်နေ့မှ ၁၁ရက်နေ့အထိ မုံရွာအကျဉ်းထောင်တွင် ဖြစ်ပွားခဲ့သော နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြသပိတ်ကို လိုက်လျောခဲ့မှုကြောင့် စစ်ကောင်စီက ထောင်ပိုင်ကြီး ဝင်းမင်းလတ်၊ ထောင်ပိုင်လေး ဝင်းကျော်မိုး၊ အိပ်ဆောင်မှူး ကျော်မိုး၊ အိပ်ဆောင်မှူး ညွှန့်ဝင်း၊ တိုက်တာဝန်ကျ တပ်သား အာကောကျာ် အပါအဝင် ထောင်အာဏာပိုင် ၅ဦးကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း၊ ကိုဝေမိုးနိုင်အပါအဝင် ဆန္ဒပြရာတွင်ဦးဆောင်သူ နိုင်ငံရေးအကျဉ်းသား ၉ ဦးတို့ကို လျှော့ရက်တစ်နှစ်ပိတ်ခြင်း၊ အခြားအကျဉ်းသား ၁၇ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ (၁၄၇)ဖြင့် အမှုဖွင့်တရားစွဲဆိုရန် ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီက အသစ်ခန့်အပ်ထားသော မုံရွာအကျဉ်းထောင် အာဏာပိုင်များက ကိုဝေမိုးနိုင်နှင့်အတူ အခြားအကျဉ်းသားတစ်ဦးကို တိုက်ပိတ်ထားပြီး ဆန္ဒပြရာတွင် ဦးဆောင်သည့် အကျဉ်းသားများကို ထောင်ဒဏ်၂နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မ(၁၄၇)ဖြင့် မုံရွာတရားရုံးတွင် အရေးယူရန် ဆောင်ရွက်နေကြကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ကိုရှင်းသန့်က ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများအတွက် ထောင်ဝင်စာလက်ခံခြင်းကိုလည်း ယခင်ထက် ကန့်သတ်ထားခဲ့ပြီး ထောင်အာဏာပိုင်များ အသစ်ခန့်ထား၍ အကျဉ်းသားများ၏ တော်လှန်စိတ်ဓာတ်ကို ပိုမိုဖိနှိပ်၍ လူ့အခွင့်အရေးချိုးဖောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ကိုလွင်မိုးသန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“ပြည်ထဲရေးဝန်ထမ်းထဲမှာ အကျဉ်းဦးစီးက ကောင်တွေက အယုတ်မာဆုံးပဲ။ အခုဆို အစာငတ်ခံဆန္ဒပြတာ အောင်မြင်ခဲ့လို့ ထောင်အာဏာပိုင်အသစ်တွေခန့်ပြီး ပိုဖိနှိပ်ဖို့ ကြိုးစားနေတာပါ။ ကျနော်တို့ ပြည်သူတွေက အဖိနှိပ်ခံ နိုင်ငံရေးအကျဉ်းသားတွေအတွက် ပိုပြီး အားစိုက်ကြိုးစား တော်လှန်မှဖြစ်မယ်” ဟု ကိုလွင်မိုးသန့်က ပြောသည်။
မုံရွာအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များ၏ မတရားသဖြင့် ဖိနှိပ်အကြမ်းဖက်မှုများကြောင့် ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၅၀ဦးက စက်တင်ဘာလ ၈ရက်မှစ၍ ၄ရက်တိုင်တိုင် အစာငတ်ခံဆန္ဒပြသပိတ်တိုက်ပွဲ ဆင်နွှဲခဲ့ကြပြီး စက်တင်ဘာလ ၁၃ရက်နေ့တွင် အကျဉ်းသားများ၏ တောင်းဆိုချက် ၄ ချက်ကို စစ်ကောင်စီက လိုက်လျောခဲ့ရကြောင်း သိရသည်။