စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်အတွင်း စစ်ကောင်စီက ဌာနပေါင်းစုံ အထူးရှာဖွေရေးအဖြစ်ဝင်ရောက်စီးနင်းပြီး အကျဥ်းသားများ၏ အစားအသောက်နှင့် အသုံးအဆောင်များသိမ်းယူသွား၍ နိုင်ငံရေးအကျဥ်းသား ၁၄ဦးက အစာအငတ်ခံ ဆန္ဒပြနေကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောသည်။
ယနေ့(စက်တင်ဘာ၈ရက်) နံနက် ၁၀နာရီခန့်က မုံရွာအကျဥ်းထောင်အတွင်း စစ်တပ်၊ ရဲနှင့် ထွေအုပ်တို့ပါဝင်သည့် ဌာနပေါင်းစုံရှာဖွေရေး ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများက အကျဥ်းထောင်အတွင်းရှိ အကျဥ်းသားအားလုံး၏ အဝတ်အစားများ၊ အစားအသောက်နှင့်ကော်ဖီထုပ်များ၊ မုန့်များအပြင် မိသားစုများက ပေးပို့ထားသည့်စာနှင့်ဓာတ်ပုံများကိုပါ သိမ်းယူသွားကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောသည်။
နိုင်ငံရေးအကျဥ်းသားများအား စောင်နှစ်ထည်စီနှင့် အဝတ်အစား ၃စုံခန့်သာ ချန်ထားပေးခဲ့သည်ဟု ဆိုသည်။
“နိုင်ငံရေးအကျဥ်းသားတွေက ပြန်ပေးဖို့တောင်းဆိုတယ်။ အကျဥ်းထောင်က တာဝန်မယူဘူး။ သူတို့လုပ်တာမဟုတ်ဘူးလို့ ပြောတဲ့အခါမှာ နိုင်ငံရေးအကျဥ်းသားတွေ ရုံးမထွက်ဘူးလို့ပြောတယ်။ အဲဒီနောက်မနက်ခင်း ၁၀နာရီလောက်မှာ စစ်ကောင်စီတပ်က အင်အား ၃၀ခန့်နဲ့ ဝင်လာပြီး နိုင်ငံရေးအကျဥ်းသားတွေကို ခြိမ်းခြောက်တယ်။ သေနတ်နဲ့ချိန်ပြီး ပစ်သတ််မယ်လို့ခြိမ်းခြောက်ပြီး ရုံးထွက်ခိုင်းတယ်။”ဟု ကိုရှင်းသန့်က ပြောသည်။
ထို့ကြောင့် မွန်းလွဲပိုင်းမှစကာ မုံရွာအကျဥ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဥ်းသား ၁၄ ဦးက အစာအငတ်ခံဆန္ဒပြနေကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက အသိပေးထုတ်ပြန်သည်။
အခြားနိုင်ငံရေးအကျဥ်းသားများကလည်း ထောင်မှကျွေးသည့်အစားအစာများအား လုံးဝမယူဘဲ ဆန့်ကျင်သွားမည်ဟုသိရကြောင်း အထက်ပါကော်မတီက ဆိုသည်။
“အထဲက နိုင်ငံရေးအကျဥ်းသားတွေက ဆန္ဒပြနေကြတယ်။ သူတို့အသက်ရှင်ဖို့က အကြမ်းဖက်စစ်အုပ်စုရဲ့ထောက်တိုင်ဖြစ်တဲ့ အကျဥ်းဦးစီးဌာနရဲ့ဝန်ထမ်းတွေရဲ့ တာဝန်ယူမှုအပေါ်မှာပဲရှိတယ်။ သူတို့အသက်ရှင်မှုဆိုင်ရာကို အကျဥ်းဦးစီးဌာနကဝန်ထမ်းတွေ တာဝန်ယူရမှာဖြစ်တယ်။ ကျွန်တော်တို့ပြည်သူတွေကလည်း အစာငတ်ခံဆန္ဒပြနေတဲ့ရဲဘော်တွေရဲ့သတင်းကို အမြဲမပြတ်နားစွင့်နေပြီးတော့ သူတို့နဲ့အတူ ရပ်တည်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။”ဟု ကိုရှင်းသန့်က ပြောသည်။
ယနေ့ညပိုင်းအထိ အစာငတ်ခံဆန္ဒပြမှုများ ဆက်လက်ပြုလုပ်နေပြီး စီးနင်းရှာဖွေသည့် စစ်ကောင်စီအဖွဲ့ကလည်း ပြန်ထွက်လာခြင်းမရှိသေးကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဆိုသည်။
“လက်ရှိမှာ အစာအငတ်ခံဆန္ဒပြနေကြတဲ့ နိုင်ငံရေးအကျဉ်းသား ၁၄ဦးကို မုံရွာအကျဉ်းထောင်ထဲမှာရှိတဲ့ သီးသန့်ဆောင်မှာ အချုပ်ထားပြီး ၂၄နာရီမပြတ် ထောင်ဝန်ထမ်းတွေက စောင့်ကြည့်နေပါတယ်။ ဒီအစာအငတ်ခံတိုက်ပွဲဟာ ရေရှည်တိုက်ပွဲဖော်ဆောင်တာဖြစ်ပြီး ဆင့်ကဲဆင့်ကဲ အစာငတ်ခံဆန္ဒပြမှုတွေကို တောင်းဆိုချက်တွေ မရမခြင်း ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်”ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်သည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်က ဒေသတွင်းတာဝန်ခံများမှတဆင့် စုံစမ်းနေကြောင်း ဖြေကြားသည်။
စစ်ကောင်စီလက်အောက်ခံအကျဥ်းထောင်များအနေဖြင့် နိုင်ငံရေးအကျဥ်းသားများအပေါ် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှုတို့အပြင် ယခုနောက်ပိုင်းတွင် ဥပဒေမဲ့သတ်ဖြတ်မှုများ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေကြောင်း၊ ယင်းသို့ ကျူးလွန်မှုများကို ICRC(အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့)အပါအဝင် ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီတို့အနေဖြင့် အမြန်ဆုံး အဖြေရှာကြရန် နိုင်ငံရေးအကျဥ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက တိုက်တွန်းသည်။
“လက်ရှိအကျဥ်းထောင်မှာ အကျဥ်းသားတွေ ရသင့်တဲ့ အခွင့်အရေးတွေ အပြည့်အဝမရတဲ့ အခြေအနေတွေလည်း ဖြစ်နေတယ်။ လက်ရှိအကျဥ်းထောင်က အကျဥ်းထောင်နဲ့မတူဘဲ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အော့ဇ်ဝစ်အကျဥ်းထောင်လိုဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၂ ဧပြီ ၃ ရက်က မုံရွာအကျဥ်းထောင်တွင် ဆူပူမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ အကျဥ်းသား ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။