စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် ခရီးသည်တင်ယာဉ်နှစ်စီးဖြင့် ဖြတ်သန်းလာသည့် စစ်ကောင်စီတပ်ဖွဲ့အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force-Myinmu ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့(ဇန်နဝါရီ ၁၇ ရက်)နံနက် ၆ နာရီ ၄၅မိနစ်ခန့်က မြင်းမူမြို့မှ စစ်ကောင်စီတပ်သားများ လိုက်ပါလာသော ယာဉ်နှစ်စီးအား မြင်းမူနှင့် ဝမ်းပြည့်ကျေးရွာကြား၌ စစ်ဆေးရန် တားဆီးခဲ့ကြောင်း၊ သို့သော် ကားမှာရပ်မပေးဘဲ အရှိန်ပြင်းစွာ မောင်းနှင်လာ၍ ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း DKPDF-MMU၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ပြည်သူတွေမပါဘူး။ အင်အားက ၂ စီးပေါင်း ၆၀ လောက်ပဲ။ သူတို့ခွေးတွေကြီးပါ။ နောက်ဆုံးကားမှာက အကောင်ကြီး နှစ်ကောင်ပါတယ်။ သူတို့က ကားကို အရှိန်ပြင်းပြင်းမောင်းလာတယ်။ သတင်းကလည်းရထားတာကြောင့် လက်ဦးမှုယူပြီး စပစ်ခတ်ရတာ။ ကားကတော့ ကျည်ဆံရာတွေ ဗရပွနဲ့ ထိခိုက်ပျက်စီးမှာပါ။ မုံရွာဘက် ဆက်တော့ မောင်းသွားတယ် ကား၂စီးလုံး”ဟု DKPDF-MMU၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ အရာရှိ နှစ်ဦး ဒဏ်ရာပြင်းထန်ပြီး တပ်သားသုံးဦးလည်း ဒဏ်ရာရရှိကြောင်း ၎င်းက ဆိုသည်။
ထိခိုက်ဒဏ်ရာရသူများကို မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်က လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။ သို့သော် ထိခိုက်မှုကို လူထုနွေဦးက အတည်မပြုနိုင်ပေ။
ထို့အပြင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဝမ်းပြည့်ရွာရှိ ကန်ဆွယ်ကျောင်းသို့ မြင်းမူမြို့ပေါ်မှ စစ်ကောင်စီတပ်သားများ ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို မြင်းမူမြို့နယ်အခွန်ကောက်အဖွဲ့၊Dog Killers People’s Defence Force Myinmu (DK PDF-MMU)၊ D.B.B.F.MMUစသည့်မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
မုံရွာ-မန္တလေးလမ်းတွင် စစ်ကောင်စီတပ်က နံနက်အစောပိုင်းသွားသည့် ပြည်သူများ၏ ကားများအား ချောဆွဲနေ၍ ပြည်သူများအနေဖြင့် နံနက်၅ မထိုးမီ ဖြတ်သန်းသွားလာခြင်းမပြုရန် PDFအဖွဲ့များက သတိပေးထားသည်။