စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းအား RPGဖြင့် ၄ ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmuအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ဧပြီ ၂၂ ရက် နေ့လယ်၁၂နာရီ ၁၅မိနစ်ခန့်က မြင်းမူမြို့မှ ထွက်လာသော စစ်သား ၈ဦးအား မြင်းမူမြို့နှင့် ဝမ်းပြည့်ရွာကြား၌ RPG ဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးကြောင်း Dog Killers People’s Defence Force Myinmuအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
အလားတူ ဧပြီ ၂၅ ရက် ည၇နာရီခွဲခန့်ကလည်း မြင်းမူမြို့မှထွက်လာသော စစ်ကောင်စီတပ်အား မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာကြား၌ပင် RPG ဖြင့် ထပ်မံ၍ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။
“ဒဏ်ရာရတဲ့ စစ်သားတွေကို မြင်းမူမြို့တွင်းကို ကားတွေနဲ့ သယ်သွားတယ်။”ဟု DK PDF-MMU၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ပစ်ခတ်မှုကို Dog Killers People’s Defence Force Myinmu (DK PDF-MMU) ၊ မြင်းမူအနောက်ခြမ်းပ. က. ဖ စသည့် အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယနေ့ (ဧပြီ ၂၇ ရက်) နံနက်ပိုင်းတွင် မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာမှ အင်အား ၃၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် မုံရွာ-မန္တလေးလမ်းပေါ် ရေပိုးစားရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း ဒေသခံများက ပြောသည်။