စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်က ခရီးသည်များအား လမ်းခင်းခိုင်းနေ၍ လမ်းကြောပိတ်ဆို့ကြောင်း သတင်းရရှိသည်။
ယနေ့ (ဇွန်လ ၃ ရက်) နံနက်ပိုင်းက မြင်းမူမြို့နယ်၊ ပျော့ရွာအနီး၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာနေသောယာဥ်များပေါ်မှ ကားသမားနှင့်ခရီးသည်များအားဆင်းခိုင်းပြီး လမ်းခင်းခိုင်း၍ ကားများရပ်တန့်ထားရကြောင်း ခရီးသွားပြည်သူများက ပြောသည်။
“ပျော့ရွာကွေ့မှာ ကျင်းတွေ ချိုင့်တွေရှိတဲ့နေရာတွေကို ကျောက်ခဲတွေသယ်ခိုင်းပြီး လမ်းခင်းခိုင်းတာ။ ကားတွေလည်း သွားလို့မရသေးဘဲ လမ်းကြောတွေပိတ်နေတယ်။”ဟု ခရီးသည်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ယခင်ကလည်း မုံရွာ-မန္တလေးလမ်း၌ ခရီးသွားပြည်သူများအား ချောဆွဲ၍ မိုင်းများသယ်ခိုင်းခဲ့ဖူးသည်။
ဇွန်လ ၂ရက်ကလည်း ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာအနီး၌ စစ်ကားတစ်စီးမိုင်းထိ၍ စစ်အုပ်စုက ပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး နေအိမ် ခုနစ်လုံးခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။