စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ မြပုလဲ စစ်ကောင်စီ ဂိတ်စခန်းကို နိုဝင်ဘာ ၄ ရက်၊ မနက် ၅ နာရီဝန်းကျင်မှာ တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား ၁၄ ဦးသေပြီး PDF ၆ ဦး ကျဆုံးသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။
ချောင်းဦးမြို့ မြောက်ဘက် ၂ မိုင်ခန့် အကွာ အမှတ် (၉၀၉) စစ်မြေပြင် အင်ဂျင်နီယာတပ်က ဗိုလ်ကြီး အောင်သူရ ဦးစီးတဲ့ အင်အား ၃၅ ဦး တပ်စွဲရာ မြပုလဲ စစ်ကောင်စီ ဂိတ်စခန်းကို မုံရွာ ခရိုင်ကွပ်ကဲရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ တိုက်ခိုက်ခဲ့တာလို့ Myingyan District Drone Strike Team က ထုတ်ပြန်ပါတယ်။
အဆိုပါ စခန်းကို ချဉ်းကပ်ပြီး စတင် ပစ်ခတ်ချိန် စစ်ကောင်စီတပ်သား ၁၅ ဦးခန့် ခုခံခြင်း မရှိဘဲ ထွက်ပြေးသွားပြီး စခန်းသိမ်းပိုက် မီးရှို့နိုင်ခဲ့ကာ စစ်ကောင်စီတပ်သား အလောင်း ၁၄ လောင်း၊ ၆၀ မမ ကွန်မန်ဒို စိန်ပြောင်း တစ်လက်နဲ့ လက်နက် ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်
ဒီဂိတ်စခန်းမှာ ကတုတ်၊ ဘန်ကာ အခိုင်အမာနဲ့ စစ်တပ်က ခုခံခဲ့ပေမယ့် ကျည်ကွယ် မျက်ကွယ် မရှိတဲ့ ကွင်းပြင် ကနေ ထိုးဖောက် ဝင်ရောက် လုံးထွေး ချေမှုန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲ အတွင်း မုံရွာခရိုင် တပ်ရင်း (၆) က ရဲဘော် ၂ ဦး၊ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် (CHUPDF) က ရဲဘော် ၃ ဦးနဲ့ ဆေးတပ်ဖွဲ့က ရဲဘော် တစ်ဦး နိုင်ငံတော် အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားတယ်လို့ သ်ရပါတယ်။
မြပုလဲ စစ်ကောင်စီဂိတ်စခန်းဟာ ခရီးသွားပြည်သူတွေကို ဆက်ကြေး ကောက်တာ၊ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးတာတွေ ပြုလုပ်လေ့ ရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
အဆိုပါ တိုက်ပွဲမှာ မုံရွာခရိုင်အမှတ် (၆) တပ်ရင်း၊ ချောင်းဦး ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (CHUPDF)၊ KG (II)၊ Immortal Guerilla Force (IGF – Monywa) တို့က တိုက်ခိုက်ချေမှုန်းရေး တာဝန် ယူခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မုံရွာခရိုင် ဒရုန်းအဖွဲ့၊ မြင်းခြံခရိုင် ဒရုန်းအဖွဲ့နဲ့အတူ နွေဦးစစ်သည်ရေလယ်ကျွန်းဒေသ စစ်ကြောင်း၊ BGF တို့က လက်ရုန်းတပ် အင်အားဖြည့်ပြီး စုပေါင်းအင်အား ၈၀ နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပကဖရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် တိုက်ပွဲ ဖော်ဆောင်နေစဉ် စစ်ကောင်စီတပ်ရဲ့ စစ်ကူလမ်းကြောင်း ဖြတ်တောက်ဖို့ ကူညီတိုက်ခိုက် ပေးခဲ့တဲ့ Peace Takers Task Force-PTTF ကိုလည်း ကျေးဇူးတင်ရှိကြောင်း တိုက်ပွဲဝင် တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။