မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အကြမ်းဖက် စစ်တပ်က နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ကို ယနေ့ မေ ၁၉ ရက်နေ့တွင် ထပ်မံ ချမှတ်လိုက်ကြောင်း မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ကိုဝေမိုးနိုင်ကို အကြမ်းဖက်စစ်တပ်က ပုဒ်မ ၅၀၅-က ဖြင့် ၆ မှု – ၁၂ နှစ်၊ သဘာဝဘေး ပုဒ်မ ၂၅ ဖြင့် ၂ နှစ်၊ ပုဒ်မ ၃၉၅၊ ၃၉၇ တို့ဖြင့် အနှစ် ၂၀ မတရား ချမှတ်ထားခဲ့ပြီးဖြစ်ပြီး ယခု ပုဒ်မ ၁၂၂ ဖြင့် အနှစ် ၂၀ ထပ်မံချမှတ်၍ စုစုပေါင်း ထောင်ဒဏ် ၅၄ နှစ်ထိ ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။
“ဒီနေ့ကပဲ မုံရွာ ထောင်တွင်း တရားရုံးကနေ ပုဒ်မ ၁၂၂ ကို နှစ် ၂၀ နဲ့ ချလိုက်တာပါဗျ။ အယူခံကိစ္စေတာ့ လောလောဆယ် ကြားထားတာ မရှိသေးပါဘူးဗျ။ ရှေ့နေ မရှိတော့တဲ့အတွက် သူကိုယ်တိုင် ခုခံချေပနေပါတယ်ဗျ”ဟု မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီသည် ကိုဝေမိုးနိုင်ကို ပုဒ်မ ၃၀၂ လူသတ်မှုနှင့်လည်း တရားစွဲဆိုထားမှု ရှိသေးကြောင်း မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီထံမှ သိရှိရသည်။
မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီအနေနှင့် ဖက်ဆစ်စစ်တပ် လက်အောက်ခံ တရားရုံးများမှ နိုင်ငံရေး အကျဥ်းသားအားလုံးအပေါ် ယခုကဲ့သို့ မတရားစွပ်စွဲ အမိန့်ချမှတ်နေခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း၊ တော်လှန်ရေးကာလအတွင်း ဖက်ဆစ်စစ်တပ်နှင့် စစ်တပ်လက်အောက်ခံ တရားရုံးများ အပါအဝင် စစ်တပ်နှီးနွယ် အဖွဲ့အစည်းများကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့် ရဟန်းရှင်လူ ကျောင်းသား ပြည်သူလူထု အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးအတွက် တရားမျှတမှု ဆောင်ကြဥ်းပေးနိုင်ရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေးသည် အလွန်အရေးကြီးသည့် နိုင်ငံရေးလုပ်ငန်းစဥ်(ဝါ) အသွင်ကူးပြောင်းရေး လုပ်ငန်းစဥ်အဖြစ် ခိုင်ခိုင်မာမာ တည်ရှိနေရမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။