မုံရွာမြို့ သာစည်လမ်းပေါ်က TTC ခေါ် မုံရွာ ပညာရေးကောလိပ်အနီး ဒီမနက်ပိုင်း ပေါက်ကွဲသံကြားရပြီးနောက် စစ်အုပ်စုက လမ်းပေါ်သွားလာနေတဲ့ ပြည်သူတွေကို ရမ်းကား ပစ်ခတ်လို့ သုံးဦး ထက်မနည်း သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ (၂၃)ရက် မနက် (၁၀)နာရီကျော်က မုံရွာမြို့ သာစည်လမ်း TTC ကျောင်းထဲ ဂိတ်ဖွင့်ထားတဲ့ စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို ပစ်ခတ်သတ်ဖြတ်တာ ဖြစ်ပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးတယ်လို့ ဆိုပါတယ်။
“မုံရွာမြို့ သာစည်လမ်း ပညာရေးကောလိပ် (TTC)အနီးမှာ ဒီနေ့ စစ်ကောင်စီတပ်က ရမ်းပစ်လို့ လမ်းသွားလမ်းလာ ပြည်သူ သုံးယောက် သေတယ်။ ဘယ်မြို့၊ဘယ်ရွာက ပြည်သူလဲတော့ မသိရသေးဘူး။ ကျား နှစ်ယောက်၊ မတစ်ယောက်။ အလောင်းတွေကို နာရေးကူညီမှုအသင်းတွေ ကောက်သွားပြီ” လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
အဲ့ဒီကျောင်းရှေ့မှာ ပေါက်ကွဲသံတစ်ချက် ကြားရပြီးနောက် ကျောင်းထဲမှာ ဂိတ်ဖွင့်ထားတဲ့ စစ်အုပ်စုက သာစည်လမ်းပေါ် ဆိုင်ကယ်စီး သွားလာနေတဲ့ ပြည်သူတွေကို ပစ်သတ်တာလို့ ဆိုပါတယ်။
“ပေါက်ကွဲသံတစ်ခု ကြားပြီး အထဲက ရမ်းပစ်တာ။ သေဆုံးသူတွေက ဆိုင်ကယ်စီးသွားလာနေသူပါ။ သေတာက အနည်းဆုံး သုံးယောက် သေတယ်။ တချို့က လေးယောက်လို့လည်း ပြောတယ်။ အဲ့ဒီနားက ဆိုင်တွေ အကုန်ပိတ်သွားပြီ။ လမ်းသွား၊လာလည်း မရှိတော့ဘူး” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
မုံရွာမြို့ သာစည်လမ်းဟာ မြို့ရဲ့ အဓိက လမ်းမကြီးတွေထဲက တစ်ခုဖြစ်ပြီး စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် သာစည်လမ်းပေါ်က TTC ကျောင်းထဲမှာ ဂိတ်ဖွင့်ထားတာ ဖြစ်ပြီး လမ်းသွးလမ်းလာ ပြည်သူတွေ၊ ကားနဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်တာတွေ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။