မုံရွာ- အမြင့်လမ်း သပိတ်အင်အားစုများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အကြိုအဖြစ် ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၉ ရက်နေ့သည် အဓမ္မ ဖမ်းဆီးခံထားရသည့် ပြည်သူအများ မြတ်နိုး လေးစား တန်ဖိုးထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့် မွေးနေ့ချိန်ခါ ဖြစ်ကြောင်း၊ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မ ဖမ်းဆီးခံထားရသည့် သောင်းနဲ့ချီသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစား၊ အောက်မေ့သောအားဖြင့်လည်းကောင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြတဲ့ အမျိုးသမီးထုရဲ့ ဂုဏ်ရည်ကို ဖော်ညွှန်းသောအားဖြင့်လည်းကောင်း ပြည်သူလူထု အားလုံးက ပန်းသပိတ်လူထုလှုပ်ရှားမှုကြီးကို နိုင်ငံလုံးကျွတ် ဖော်ဆောင် ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်ရင်း လူထုသပိတ်ထွက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။