ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့နယ်ခွဲအတွင်းရှိ စစ်ကောင်စီစခန်းတစ်ခုကို ကိုးကန့်တပ်မတော်(MNDAA)က ဒီကနေ့နံနက်တွင် သွားရောက်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယနေ့ (အောက်တိုဘာ ၂၈ရက်)နံနက် အစောပိုင်းမှစ၍ မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသ မန့်ယန်းစခန်းကို တိုက်ခိုက်ခြင်းဖစ်ပြီးတိုက်ပွဲပြင်းထန်နေသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ဘက်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်လျက်ရှိကြောင်းသိရပြီး အသေးစိတ် အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ် တုန်ချိန်ဘက်သို့ လေကြောင်း တိုက်ခိုက်ခဲ့သည်။
“တုန်ချိန်မှာ တိုက်ပွဲပြင်းထန်နေဆဲပါ။ မနေ့ည တစ်ညလုံး တုန်ချိန်မှာ လေယာဉ် ဗုံးလာကြဲတယ်။ ဒီမနက် နှစ်ကြိမ်ကြဲပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
တုန်ချိန်ဒေသတွင် ယမန်နေ့ကတည်းက တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
MNDAA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်တပ်များ၏ (၁၀၂၇)စစ်ဆင်ရေး ပထမနေ့ဖြစ်သည့် ယမန်နေ့တွင် စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီးချင်းရွှေဟော်မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်ဟု MNDAAက အသိပေးထုတ်ပြန်ထားသည်။