ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ ယိမ်းလာတောင်မှာ ဒီကနေ့ အောက်တိုဘာ ၁၉ ရက်နေ့၊ မနက် ၅ နာရီခန့်က စပြီး စစ်ကောင်စီတပ်နဲ့ KIA တပ်မဟာ (၆)၊ တပ်ရင်း (၃၆) တို့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဒီဒေသမှာ တိုက်ပွဲ မဖြစ်ဝာာ ၅ လခန့် ရှိနေပြီ ဖြစ်ပြီး လက်ရှိ စပါး ရိတ်သိမ်းနေတာကြောင့် တိုက်ပွဲ ပြင်းထန်လာမှာ စိုးရိမ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ခုလည်း ပစ်နေတယ်။ ခုနက ဟယ်လီကော်ပတာ တစ်စီးနဲ့ လာပစ်သွားတယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီဘက်က ရဟတ်ယာဥ်နဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒီကနေ့ ဒေသတွင်း စျေးဆိုင်တွေ ပိတ်သိမ်းကုန်တယ်လို့ ဆိုပါတယ်။
“လေယာဉ်နဲ့တော့ လာချသွားပြီ။ မုံးကိုး ကနေ ၁၀ ကြိမ်ကျော် အမြောက်ကြီး ပစ်ပေးနေတာ” လို့ မုံးကိုး ဒေသခံ တစ်ဦးက ပြောပါတယ်။
အခု တိုက်ပွဲ ဖြစ်ပွားနေတဲ့ ယိမ်းလာတောင်ဟာ မုံးကိုး၊ ပန်ဆိုင်းနဲ့ ကွတ်ခိုင်မြို့နယ် နယ်နိမိတ် ၃ ခု ထိစပ်နေတဲ့ နေရာ ဖြစ်သလို စစ်ကောင်စီတပ် အတွက် အချက်အချာကျတဲ့ နေရာ ဖြစ်တယ်လို့ သူကပြောပါတယ်။
“ခုနတုန်းကလည်း ကွတ်ခိုင် နမ့်ပါချီး နားမှာလည်း တိုက်ပွဲ ဖြစ်နေတယ်” လို့ ကွတ်ခိုင် ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ မွန်းတည့်မှာ စစ်ကောင်စီ နဲ့ KIA တပ်မဟာ (၄)၊ တပ်ရင်း (၉) တို့ နမ့်ပါချီး အနီး တိုက်ပွဲ ဖြစ်ပွားတာလို့ သူက ပြောပါတယ်။
ယမန်နေ့ အောက်တိုဘာ ၁၈ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း စစ်ကောင်စီ စကခ (၁၆) လက်အောက်ခံ ခလရ (၂၄၂) နဲ့ KIA တိုက်ပွဲ ဖြစ်ပွားရာ ခရီးသွား ကားတွေ နာရီ အနည်းငယ်ကြာ ပိတ်မိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။