မုံးကိုးမြို့ရှိ ကချင်ရိုးရာ ယဉ်ကျေးမှုအဖွဲ့အစည်းနှင့် ကချင်အမျိုးသမီးအသင်းတို့က ရှမ်းပြည်နယ် (MNDAA) အထူးဒေသ (၁) မုံးကိုးခရိုင် အုပ်ချုပ်ရေးရုံးသို့ လာရောက်ဂုဏ်ပြုချီးကျူးခဲ့သည်ဟု ကိုးကန့်မီဒီယာက ထုတ်ပြန်ထားပါသည်။ နိုဝင်ဘာလ ၂၂ ရက်နှင့် ၂၅ ရက်နေ့များတွင် လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
MNDAA က မုံးကိုးဒေသ၏ အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ခဲ့ရာ “စားသောက်နေထိုင်ရေးမှာ ပုံမှန်အနေအထားသို့ ရောက်ရှိလာပြီး အလုပ်နှင့် ထုတ်လုပ်မှုများကိုလည်း ပြန်လည်စတင်ကာ စာသင်ကျောင်းများလည်းပြန်လည် သင်ကြားလာခဲ့ပါသည်။”ဟု MNDAA က သတင်းထုတ်ပြန်ထားသည်။
ကချင်ယဉ်ကျေးမှုအဖွဲ့အစည်းသည် ကချင်တိုင်းရင်းသား၏ အမြင့်မြတ်ဆုံးရိုးရာကျင့်ဝတ်ဖြင့် MNDAA အား ဝမ်းမြောက်စွာ ဂုဏ်ယူချီးကျူးခဲ့ကြောင်းနှင့် MNDAA ၏ မုံးကိုးခရိုင် ဒုခရိုင်မှူးဦးကျန်လီဖာမှလည်း “ကိုးကန့်နှင့် ကချင်တိုင်း ရင်းသားနှစ်မျိုးတို့သည် ကိုးကန့်ရန်မျိုးနွယ်စော်ဘွား လက်ထက်ကတည်းကပင် အလွန်ရင်းမြစ်သော တော်လှန်ရေး ချစ်ကြည်မှုရှိခဲ့ပြီး မုံးကိုးဒေသရှိ ကချင်တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးတို့ အနေဖြင့် မုံးကိုးခရိုင်ပြန်လည်ထူထောင်ရေးကို ထောက်ခံကြိုဆိုခြင်းဟာလည်း MNDAA အတွက် အကြီးမြတ်ဆုံး လက်ဆောင်ပေးခြင်းဖြစ်ပါသည်။”ဟု ပြောဆိုကြောင်း သိရသည်။