ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေကို အခမဲ့ ဆေးကုသပေး နေတဲ့ မူကယန်း ဆေးခန်းမှာ ဆေးဝါးတွေ သာမက ညဘက် အရေးပေါ် ကုသနိုင်ဖို့ ဆိုလာနဲ့ ဘက်ထရီ လိုအပ်နေတယ်လို့ ဆေးခန်း တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ ပြောပါတယ်။
မူကယန်းဆေးခန်းမှာ ပြီးခဲ့တ့ စက်တင်ဘာလက လူနာ ၈၈၂ ဦး ကုသပေးခဲ့ပြီး တစ်လ ပျှမ်းမျှ လူနာ ၉၀၀ ကနေ ၁,၂၀၀ ကျော်အထိ ကုသပေးနေရကာ အရေးပေါ် လူနာ ဆိုပါက ညဘက်မှာပါ ကုသပေးနေတယ်လို့ ဆိုပါတယ်။
“စစ်ဘေးရှောင် လူထုအတွက် အဓိကထားပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးပါတယ်။ ခုကာလက ရာသီတုပ်ကွေး လူနာများတယ်။ ဆေးကအစုံ လိုအပ်တယ်။ ပြီးတော့ ညဘက်ဆိုရင် မွေးလူနာအတွက် မီးအလင်းရောင် မရှိတော့ အဆင်မပြေဘူး။ အမှောင်ထဲမှာ ဆိုတော့ ခက်ခဲတယ်” လို့ ဆေးခန်း တာဝန်ရှိသူက ရှင်းပြပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းတဲ့ အခုကာလမှာ ရာသီတုပ်ကွေး လူနာနဲ့ နာတာရှည် ရောဂါ ခံစားနေရတဲ့ လူနာတွေ ဆေးခန်းလာပြတာ ပိုများနေပြီး ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
မူကယန်းဆေးခန်းဟာ ဒီးမော့ဆို အနောက်ဘက်ခြမ်း တစ်နေရာမှာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ကစပြီး စစ်ဘေးရှောင် ပြည်သူတွေကို အခမဲ့ ကုသပေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။
လက်ရှိ ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင် ပြည်သူ ၂ သိန်းခွဲကျော် ရှိနေပြီး မိုးအဆက်မပြတ် ရွာသွန်းစဥ် မိုးကာ မလုံတာကြောင့် စစ်ဘေးရှောင် စခန်းတွေမှာ အအေးမိ ဖျားနာနဲ့ ရာသီတုပ်ကွေး ဖြစ်ပွားမှု များပြားနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးသူတွေက ပြောပါတယ်။