ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု နားထမ်နဲ့ ဂေါရာရွာအနီး တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲဟာ ဩဂုတ် ၂ရက် မနက်က ဖြစ်ပွားခဲ့ရာ ညနေပိုင်းအထိတစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်းအဖွဲက အကျအဆုံးများပြီး ပြန်လည်ဆုတ်ခွာသွားကြောင်းဖော်ပြထားပါတယ်။
TNLA ရဲ့တိုက်ခိုက်မှုကြောင့် မနေ့ကတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ် ဘက်က ၁၀ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရခဲ့ပြီး အကြမ်းဖက်စစ်တပ်ဆီကနေ လက်နက်ခဲယမ်းနဲ့ ကျည်တွေ ၊ စစ်အသုံးအဆောင် ပစ္စည်းတွေများစွာ သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ပါတယ်။
သိမ်းဆည်းရရှိခဲ့တာတွေကတော့ RPG (၁) လက်၊RPG-7 ဗုံးသီး (၂၀) လုံး၊MA-1 (၁) လက်၊ AK-81 (၁) လက်၊ ၆၀ မမ ထောင့် (၁) ခု ၊ ၈၁ မမ ထောင့်(၁)ခု၊ ၈၁ မမ ဗုံးသီး (၄၀) လုံး၊ စက်လတ် (၁) လက်၊ကျည်ဆံ(၅၀၀၀) တောင့်၊ ဆက်သွယ်ရေးစက်ကြီး (၁)လုံးနဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်း အမြောက်အများဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
TNLAနဲ့ အကြမ်းဖက်စစ်တပ် တို့ဟာ ဇူလိုင်လ (၂၃)ရက်ကနေ ဩဂုတ် ၂ရက်အတွင်းတိုက်ပွဲ ၉ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ အကြမ်းဖက်စစ်တပ် ၂၅ဦးသေဆုံးကာ ၂၇ ဦးဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦး အရှင်မိခဲ့တယ်လို့ TNLAကအသိပေးထားပါတယ်။