ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ အရပ်သားနေအိမ်ထိခိုက်မှုရှိပြီး ဒေသခံနှစ်ထောင်ကျော်နီးစပ်ရာ တိမ်းရှောင်နေရကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်းက ယနေ့ ထုတ်ပြန်လိုက်ပြီး ယနေ့အချိန်ထိ အရေးပေါ်အကူအညီလိုအပ်နေကြောင်း အသိပေးသည်။
စယ်လန့်ကျေးရွာတွင် စစ်ကောင်စီနှင့် တအာင်းတပ်မတော်တို့ အပြန်အလှန် ပစ်ခတ်မှုပြင်းထန်သောကြောင့် ဒေသခံများသည် နီးစပ်ရာဆွေမျိုးအိမ်၊ ဘုန်းကြီးကျောင်း၊ ဇရပ်တို့တွင် ထွက်ပြေးခိုလှုံနေကြရကြောင်း၊ မိုင်းဆတ်ကျေးရွာ၊ မန်ကန်ကျေးရွာ၊ နမ့်ကတ်ကျေးရွာနှင့် ရှမ်းရွာတို့မှ ခန့်မှန်း လူဦးရေ ၂ထောင်ကျော် တိမ်းရှောင်နေရကြောင်း အသိပေးသည်။
“လေယာဉ်နဲ့ လာပစ်ပြီးတဲ့နောက်မှာ ရွာသားတွေက ကြောက်လန့်ကြလို့ ထွက်ပြေးကြတာ၊ တစ်ချို့က ဆွေမျိုးအိမ်မှာနေတယ်၊ တစ်ချို့က ဘုန်းကြီးကျောင်းနှင့် ဇရပ်မှာနေကြတယ်။ ထမင်းက ရွာကလူတွေချက်ပြီး သွားပို့ပေးတာပေါ့နော်။အခုလောလောဆယ် ဟင်းသီးဟင်းရွက်တွေ၊ ဟင်းခြောက်တွေလိုတာပေါ့နော်။ ဆန်၊ ဆီ၊ ဆားတို့အပါတွေပေါ့၊ သူတို့က ဘယ်အချိန်ပြန်ရမလဲဆိုတာ မသိရသေးဘူး”ဟု မူဆယ်ဒေသခံတစ်ဦး၏ ပြောကြားချက်ကိုလည်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်သည်။
ဩဂုတ်အတွင်းက မူဆယ်မြို့နယ် စယ်လန့်ရွာအပါအဝင်အနီးတဝိုက်၌ တအာင်းတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ အထိနာသည့် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဩဂုတ်လကုန်ပိုင်းတွင် မူဆယ်မြို့နယ်ရှိ အနီးတစ်ဝိုက်ရှိ ကျေးရွာများအပြင် နမ့်ဖက်ကာကျေးရွာ ဒေသဘက်တွင်လည်း တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့က ထုတ်ပြန်သည်။
ထိုသို့ ပစ်ခတ်မှုများကြောင့် ပြည်သူ နှစ်ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။