ယနေ့ည ၇ နာရီ ခွဲအချိန်ခန့်တွင် မူဆယ်မြို့၊ ဟိုနားရပ်ကွက်ရှိ စက်မှုရပ်ကွက်သို့အသွား လမ်းဆုံ၌ လုံခြုံရေးကင်းစောင့်နေသည့်အဖွဲ့နှင့် လှည့်ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ အချင်းချင်း မှားယွင်းပစ်ခတ်မိ၍ ပြည်သူ့စစ်နှစ်ဦးထိခိုက်မှုရှိကြောင်း သိရသည်။
လှည့်ကင်းပတ်နေသည့် ကားပေါ်မှ သေနတ်မတော်တဆ ပစ်ဖောက်မိရာ ကင်းစောင့်နေသည့် ပြည်သူ့စစ်နှင့် စစ်ကောင်စီစစ်သားများက ပြန်လည်ပစ်ခတ်ခဲ့၍ ပြည်သူ့စစ်အဖွဲ့မှ နှစ်ဦးထိခိုက်ခံရကြောင်း ဒေသခံက ပြောသည်။
ယမန်နေ့ညနေအချိန်တွင်လည်း မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မူလွန်ကျောင်းရှေ့၌ လုံခြုံရေး ယူနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်များ ပစ်ခတ်ခံခဲ့ရ၍ ပြည်သူ့စစ်တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။
ထို့အပြင် ယနေ့ ညနေ ၅ နာရီအချိန်ခန့်တွင်လည်း မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်၌ ပရာဒိုကားတစ်စီးကို လူငယ် ၇ ယောက်က ဓါးပြတိုက်လုယက်ခဲ့ရာ တရုတ်ယွန်းငွေများလည်း ပါသွားကြောင်း ဒေသခံက ပြောသည်။