ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာတွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ရာ လူ ၃ ဦးထိခိုက်ပြီး နေအိမ် ၃ လုံးပြိုကျပျက်စီးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီအချိန် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦး အပါအဝင် စုစုပေါင်း ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံးပြိုကျပျက်စီးကြောင်း သိရှိရသည်။
“မူဆယ်မြို့နယ်၊စယ်လန့်ကျေးရွာကို မနေ့ညနေ ၆နာရီမှာ တိုက်ပွဲမဖြစ်ဘဲ ဗုံးလာကျဲတာ။ မပေါက်ကွဲသေးတဲ့ ဗုံး တစ်လုံးလည်း ကျန်ခဲ့တယ်။
အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ၊ ကလေးငယ် ၁ ဦး ထိခိုက်မှုရှိတယ်။ နေအိမ် ၃ လုံး ပြိုကျပျက်စီးမှုရှိတယ်။ ဖိုင်ကောင်းရပ်မှာ မကွဲဘဲ ကျန်ခဲ့တဲ့ဗုံးရှိနေသေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။