ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီး ဒေသများ၌ ယနေ့နံနက်မှ ညနေပိုင်းအထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများက အသိပေးထားသည်။
စက်တင်ဘာ ၁၇ရက် နံနက်ပိုင်းမှစ၍ မူဆယ်မြို့အနီး ဝိန်းနန်းရွာဘက်တွင် ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး ဒေသခံများ ဖော်ပြထားသည့် ရုပ်သံများ၌ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများကို ကြားနေရသည်။
ပစ်ခတ်မှုများသည် နံနက်ပိုင်းမှ ညနေပိုင်းအထိ ပစ်ခတ်နေကြောင်း ဒေသခံသတင်းရင်းမြစ်က လူမှုကွန်ရက်၌ ရေးသားထားသည်။
အလားတူ မူဆယ်ဒေသခံ တစ်ဦးကလည်း မူဆယ်မြို့အနီးရှိမန်ဝိန်း စွမ်စော်ခိုးဝိန်း၊ ဝိန်းနန်းရွာအနီး တဝိုက် မနက်လင်းချိန်မှစ၍ လက်နက်ကြီး ၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရကြောင်း အသိပေးထားပြီး ရွာအနီးနားတဝိုက် နေထိုင်ကြသူများ အသွားအလာ သတိထားရန် သတိပေးထားသည်။
ထို့ပြင် “ဘာသံကြားကြား အပြင်လုံး၀ ထွက်မကြည့်ပါနဲ့ လုံခြုံတဲ့နေရာမှာ ပုန်းနေကြပါ” ဟုလည်း ဒေသခံအချင်းချင်း သတိပေးရေးသားထားသည်ကို တွေ့ရသည်။
ယနေ့တိုက်ပွဲတွင် တအာင်းတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံကို ကိုးကားပြီး ရွှေဖီမြေက ဖော်ပြထားသည်။
တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် TNLA ထံသို့ ဆက်သွယ်ခဲ့ရာ ညနေပိုင်းအထိ အဆက်အသွယ်မရသေးပေ။
TNLAနှင့် စစ်ကောင်စီတပ်တို့သည် မူဆယ် ၊ လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲနှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေသည့် အခြေအနေဖြစ်သည်။
ဇူလိုင် ၂၃ရက်မှ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ တိုက်ပွဲ အကြိမ် ၄၀ကျော်ရှိခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။ ယနေ့ မူဆယ်တိုက်ပွဲ အခြေအနေကိုမူ TNLAက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။