ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှာ မနေ့ ဖေဖော်ဝါရီ ရ ရက် ညပိုင်းက လက်နက်ကိုင်ထားတဲ့ ၄ ယောက်ဟာ နေအိမ်အတွင်း ဝင်ရောက်ဓားပြတိုက်သွားတယ်လို့ သိရပါတယ်။
အိမ်ရှင်အမျိုးသားကို ထုရိုက်ပြီးနောက်မှာ လက်နက်ကိုင်ထားသူ ၄ ယောက်ဟာ မီးခံသေတ္တာကို ယူဆောင်သွားတာဖြစ်တယ်လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။
“အမျိုးသား ၄ ယောက်လောက်အိမ်ထဲဝင်လာပြီး သေနတ်တွေနဲ့ အကုန်ချိန်းထားတယ်။ အိမ်ပေါ်တက်ပြီး မီးခံသေတ္တာ၊ ပိုက်ဆံတွေ၊ ရွှေတွေ အကုန်ယူသွားတယ်။ ငွေပမာဏအများကြီးရှိတယ်။ သိန်းရာကျော်လောက်ပါသွားတယ် ” လို့ သူက ပြောပါတယ်။
ဓားပြတိုက်သူတွေဟာ ကားတစ်စီးနဲ့ အိမ်ရှေ့ခြံတံခါးက လက်နက်တွေနဲ့ ဝင်လာပြီးနောက် အိမ်ရှင်အမျိုးသားကို ထုရိုက်ကာ မီးခံသေတ္တာကို သယ်ဆောင်သွားတာကိုလည်း လုံခြုံရေးကင်မရာမှာ မြင်ရပါတယ်။
ဓားပြတိုက်သူတွေဟာ မည်သူတွေဖြစ်တာကို မသိရပေမယ့် ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတယ်လို့ ဆိုပါတယ်။
မူဆယ်မှာ မကြာခဏ ဓားပြတိုက်မှုတွေဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာလည်း အမျိုးသားတစ်ဦးကို သိန်း ၃၀၀နဲ့ပြန်ပေးဆွဲတဲ့အမှု ဖြစ်ခဲ့ပါသေးတယ်။ ဇန်နဝါရီ ၂၉ရက်နေ့မှာလည်း ကောင်းမှုတုံရပ်ကွက်မှာ အမျိုးသား ၃ ဦး သေနတ်ပြပြီး ဓားပြတိုက်မှုဖြစ်ခဲ့ပါသေးတယ်။