ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုံကြားတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့်စစ်ကောင်စီ ယနေ့ (နိုဝင်ဘာလ ၁၇ရက်) နံနက်က တိုက်ပွဲပြင်းထန်နေကြောင်း အဆိုပါ မြို့ခံများက ပြောသည်။
(၁၀၅)မိုင်ကုန်သွယ်ရေးဇုံအနီးတွင် နိုဝင်ဘာ ၁၀ရက်ကတည်းက ပစ်ခတ်မှုများ နေ့စဉ်ဖြစ်ခဲ့ပြီး ယနေ့ နံနက်အစောပိုင်းက တိုက်ပွဲပိုမိုပြင်းထန်လာသည်ဟု ဆိုသည်။
“တုန်ခန်ရွာနားမှာ ချနေတာ။ မူဆယ်ကနေ (၁၀၅)မိုင်ကို သွားမယ့်သူတွေ ပြန်လှည့်လာရတယ်။ မူဆယ်မြို့ထဲက ဆိုင်တွေလည်း ပိတ်ထားတယ်”ဟု မူဆယ်မြို့ခံတစ်ဦးက ပြောသည်။
(၁၀၅)မိုင် ကုန်သွယ်ရေးဇုံသည် မူဆယ်မြို့နှင့် (၄)မိုင်ခန့်သာဝေးပြီး တရုတ်နယ်စပ်နှင့်လည်း (၇)မိုင်ခန့်သာ ဝေးသည်။ ထို့အပြင် တရုတ်နိုင်ငံနှင့် နယ်စပ်ဂိတ်ဖြစ်သော ကျင်စန်းကျော့ဂိတ်အနီးတွင်လည်း ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။
” ဒီမနက် လက်နက်ကြီးသံတွေရော၊ ပေါက်ကွဲသံတွေရော ကြားနေရတယ်။ မဟာမိတ်တွေက ၁၀၅ မိုင် စစ်တပ်ကုန်းကို သိမ်းဖို့လုပ်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့မှ ဖော်ဆောင်နေသည့် ‘၁၀၂၇စစ်ဆင်ရေး’ အရေးပေါ်ကာလအတွင်း မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့ရှိ ဒေသခံပြည်သူများ ည ၈နာရီမှ နံနက် ၆ နာရီအတွင်း နေအိမ်အပြင် သွားလာခြင်းမပြုလုပ်ရန် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကနိုဝင်ဘာလ ၁၄ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အရပ်သားပြည်သူများ လုံခြုံရေးအထူးဂရုပြုနေထိုင်ကြရန်လည်း ကိုးကန့်တပ်မတော် (MNDAA)နှင့် TNLAက သတိပေးချက်ထုတ်ပြန်ထားသည်။