ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ လားရှိုး၊ သီပေါမြို့များ၌ စစ်ကောင်စီတပ်က ဆက်တိုက် စစ်အင်အားဖြည့်တင်းနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဇွန်လ ၄ရက်တွင် ဖော်ပြသည်။
မူဆယ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများ၌ တပ်အင်အားရာချီ အင်အားဖြည့်တင်းထားပြီး မြို့ရွာအနီးဝန်းကျင်များ၌ စစ်ရေးလှုပ်ရှားနေကြောင်း၊ လားရှိုးဒေသ၌လည်း မေလ ၁၀ရက်မှစပြီး တပ်စခန်းတိုင်း၌ ထောက်ပို့လေယာဉ်များဖြင့် စစ်လက်နက် အသုံးအဆောင်များ စစ်အင်အားဖြည့်တင်းခြင်းများ ဆက်တိုက်လုပ်ဆောင်နေပြီး ပြည်သူများကို တင်းကြပ်စွာ စစ်ဆေးလျက်ရှိသည်ကြောင်း ဒေသခံများကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်။
ထို့ပြင် သီပေါမြို့နယ်တွင်လည်း စစ်အင်အား တိုးချဲ့မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီးစစ်ကောင်စီက အင်အားတိုးချဲ့နေ၍ တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို ပြည်သူများ စိတ်ပူနေသည်ဟု ဖော်ပြသည်။
ရှမ်းမြောက်အခြေစိုက် တအာင်းတပ်မတော် (TNLA)ကလည်း စစ်ကောင်စီတပ်က ရှမ်းမြောက်ရှိ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မူဆယ်နှင့် မိုးမိတ်မြို့များ၌ စစ်လက်နက်ပစ္စည်းနှင့် စစ်အင်အား ဖြည့်တင်းနေပြီး စစ်ရေးပြင်ဆင်နေကြောင်း ဇွန်လ ၄ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် မိုးမိတ် နှင့် နောင်ချိုမြို့နယ်များ၌ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်မှု ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။
၂၀၂၃ နှစ်ကုန်ပိုင်းက ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် ညီနောင်မဟာမိတ် တပ်များဖြစ်သော တအာင်း(TNLA)၊ ကိုးကန့် (MNDAA)၊ ရက္ခိုင်(AA)တို့က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်မှုများ လုပ်ဆောင်ခဲ့ရာ တပ်စခန်းအများအပြားကို စွန့်လွှတ်ခဲ့ရသည်။