အကြမ်းဖက်စစ်ကောင်စီတပ်က မူဆယ် ၁၀၅ မိုင်တွင် လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန် လုပ်ဆောင်နေသဖြင့် တရုတ်ပြည်ဘက်အခြမ်းမှ ပြည်သူတချို့ ထိတ်လန့် ပြောင်းရွှေ့မှုများရှိနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယဝနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ဒီမနက် မူဆယ် ၁၀၅ မိုင်သို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် စစ်ကူများ ပေးပို့နေပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့်လည်း ပစ်ခတ်မှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည်။
“ရဟတ်ယာဉ် ၃ စီး၊ ၄ စီးနဲ့ကို ပစ်ခတ်နေတာ။ ကြယ်ဂေါင်ဘက်က ဒေသပြည်သူတချို့ ကြောက်ပြီး ရွှေ့ကြတာရှိတယ်။ တရုတ်ဘက်ကနေ မြင်နေရတယ်။ ပစ်နေခတ်နေတာတွေကို။ တရုတ်အခြမ်းဘက်ကို ကျတာတွေလည်းရှိတယ်။ တစ်ချိန်လုံးပစ်နေတာ။ တိုက်ပွဲလည်း အတော်ကို ပြင်းထန်နေပုံရတယ်” ဟု ကြယ်ဂေါင်တွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း စစ်ဘေးရှောင် တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က မူဆယ် ၁၀၅ မိုင် မကျဆုံးစေရေးအတွက် လေကြောင်းကို အဓိက အသုံးပြု တိုက်ခိုက်နေပြီး လက်နက်ကြီးများဖြင့်လည်း တောက်လျှောက်ဆိုသလို ပစ်ကူနေကြောင်း၊ အရပ်သား ထိခိုက်ဒဏ်ရာ ရရှိမှုများရှိသော်လည်း အခြေအနေမှာ ဆိုးဝါးသဖြင့် ကယ်ဆယ်ရေး မလုပ်ဆောင်နိုင်ကြောင်း၊ မူဆယ်မြို့နယ်ဘက်တွင် အသွားအလာမရှိဖြစ်နေပြီး မြို့မှာလည်း ခြောက်ကပ်နေကြောင်း၊ တိုက်ပွဲသံများကြောင့် ပြည်သူများ စစ်ဘေးရှောင်နေရသူများ ရှိသော်လည်း အများစုမှာ မိမိတို့အိမ်နေရာများထဲတွင်သာ နေထိုင်နေကြကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်တာက ရက်က အတော်ကြာနေပြီဆိုတော့ နားယဉ်လာပြီ။ ကြယ်ဂေါင်ဘက်က တချို့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေတော့ သွားကြပြီ။ ကျနော်တို့ လင်မယားတော့ သေလည်း သေပါစေတော့၊ အိမ်မှာရှိတာတွေ စောင့်ရင်း ကျန်ခဲ့တာပါ” ဟု မူဆယ်မြို့မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။