ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းအနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ၁၀၅ မိုင် ဗျူဟာကုန်း အတက်တောင်ခြေရှိတဲ့ ပို့ကုန်ဝင်း အတွင်း ဂိုဒေါင် မီးလောင် နေပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း သိရသည်။
ယနေ့ ညနေ ၄ နာရီခန့်တွင်လည်း မူဆယ် ၁၀၅ မိုင် ဖရဲကွင်း နောက်ဘက်ရှိ ဝေလုရွာဘက်ကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရှိရသည်။
၁၀၅ မိုင်တွင် ယမန်နေ့ ညပိုင်းက စတင်ကာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဗျူဟာကုန်းနှင့် ကုန်သွယ်ရေးဇုန် ရုံးကြီးဝန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ကာ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲချကာ နှစ်ဖက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အလားတူ နမ့်ပေါ် တံတားစခန်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” ဒီနေ့ မွန်းလွဲ ၂ နာရီလောက်ကစပြီး ၁၀၅ မိုင် ဗျူဟာကုန်း အတက်တောင်ခြေမှာရှိတဲ့ ပို့ကုန်ဝင်းအတွင်းမှာရှိတဲ့ ဂိုဒေါင် မီးလောင် နေတယ်။ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ညနေ ၄ နာရီမှာ ၁၀၅ မိုင် ဖရဲကွင်းနောက်ဘက် ဝေလုရွာဘက်ကို စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။