ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်က ကျေးရွာတွေအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ရသလို ပြည်သူ ၁၄၀၀၀ နီးပါးကလည်း အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ မေ ၁၈ ရက် မနက် ၈ နာရီမှာ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ-၅၉၉၊ ခမရ-၅၉၀၊ တပ်မ-၄၄ နဲ့ ခလရ-၄၈ တပ်ပေါင်းစုက မူးမြို့နယ်အတွင်းက စဝေ၊ ကျွန်းတောကျေးရွာကို ဝင်ရောက်ဖို့ အတွက် လက်နက်ကြီးနဲ့ ၂၅ လုံးကို ကျေးရွာထဲသို့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်ဆိုတာနဲ့ ညောင်ပင်သာ ကျေးရွာအတွင်းကိုလည်း လက်နက်ကြီးနဲ့ ၅ လုံး ထပ်မံ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာမှာနေထိုင်တဲ့ ပြည်သူတွေက ကြောက်လန့်ပြီး ပြေးလွှာနေစဉ် အသက် ၁၄ နှစ်အရွယ် မောင်မင်းရဲဆက်ကို လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့ရသလို အသက် ၄၇ နှစ် အရွယ်ရှိ မလှစန်းနဲ့ အသက် ၁၈ နှစ် အရွယ် မောင်မြင့်မြတ်သူတို့ကိုလည်း လက်နက်ကြီး ထိမှန်ပြီး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာ ရသူများကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ကုသမှုခံယူနေရသလို ကျေးရွာက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အကြမ်းဖက်စစ်တပ်က ဒီနေ့အထိ စဝေ၊ ကျွန်းတော ကျေးရွာမှာ အထိုင်ချနေတယ်လို့လည်း KNU ဗဟိုက အသိပေးထားပါတယ်။
မေ ၁၆ ရက်မှာလည်း အကြမ်းဖက်စစ်တပ်ရဲ့ ခလရ-၆၀ က နှောင်ကုန်းကျေးရွာအတွင်းကို လက်နက်ကြီး ၆ လုံးနဲ့ ပစ်ခတ်ခဲ့သလို မေ ၁၇ ရက်မှာလည်း တောင်စုကျေးရွာအတွင်းကို လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ဗဟိုက ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူတွေနေတဲ့ ကျေးရွာတွေကို ရည်ရွယ်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေမှုကြောင့် မူးမြို့နယ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ စဝေ၊ နှောင်ကုန်း၊ တောင်စု၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်း၊ တပ်ကုန်းနဲ့ ညောင်ပင်သာ အစရှိတဲ့ ကျေးရွာ (၉) ရွာက ပြည်သူ ၁၃၉၉၁ ဦး အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန် ခဲ့ ပါတယ်။