ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၄)နယ်မြေ ထားဝယ်ခရိုင် မေတ္တာမြို့အပါအဝင် ဒေသတွင်းသို့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်၍ အရပ်သားထိခိုက်မှုနှင့် နေအိမ် ပျက်စီးမှုများရှိခဲ့ကြောင်း KNU ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
” လေယာဉ်ဗုံးကြဲမှုရှိတယ်။နေ့တိုင်းလိုလိုပဲ ကြဲတာ။ ဒီနေ့ မေတ္တာမြို့မှာ အိမ်တစ်လုံးမီးလောင်တယ်။ ၁၁လုံး ပျက်စီးတယ်။ ၄ရက်နေ့မှာ ရွာသားတစ်ယောက် လက်နက်ကြီးထိတယ် မေတ္တာမှာပဲ”ဟု ပဒိုစောအယ်နားက ပြောသည်။
လတ်တလော တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ် ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ခတ် မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောပြသည်။
KNU ထားဝယ်ခရိုင်နယ်မြေတွင် ဖေဖော်ဝါရီလလယ်မှစ၍ တိုက်ပွဲများ အရှိန်မြင့်လာခဲ့ပြီး ဖေဖော်ဝါရီ ၂၁ရက်တိုက်ပွဲတွင် KNU နှင့် PDF ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် စစ်ယာဉ်တန်း အထိနာခဲ့ပြီး ကား ၇စီး ပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးခဲ့သည်။
လက်နက်ခဲယမ်းများကိုလည်း KNU ပူးပေါင်းတပ်က သိမ်းနိုင်ခဲ့သည်။ အဆိုပါ တိုက်ပွဲဖြစ်စဉ် အပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုအပြင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ မေတ္တာမြို့အပါအဝင် ဒေသတွင်း ကျေးရွာ ၁၂ရွာမှ ပြည်သူများ စစ်ရှောင်နေရပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း KNUက အသိပေးထားသည်။