မန္တလေးတိုင်း မေမြို့မှာ (၂၁)မိုင်က စတင်ပြီး ကားလမ်းဘေးက မြေကွက်၊ တံတိုင်းနဲ့ အဆောက်အအုံ တချိ့ကို မနေ့က စပြီး စစ်အုပ်စုက လိုက်လံ ဖျက်ဆီးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မန္တလေး – မေမြို့ – လားရှိုးလမ်း၊ (၂၁)မိုင်အကျော်က အောင်ချမ်းသာ၊ ကျင်ဂနိုင်၊ ကျောက်ဖျာဒိုး၊ သုံးတောင် စတဲ့ ကျေးရွာတွေအနီး ကားလမ်းဘေးက အကွက်ရိုက်ထားတဲ့ မြေတွေ၊ တံတိုင်းနဲ့ အဆောက်အအုံတွေကို စစ်အုပ်စုက ဖျက်နေတာလို့ ဆိုပါတယ်။
“အောင်ချမ်းသာရွာ၊ လားရှိုူးလမ်းမကြီး ဘေးတော့ ဖျက်ပြီးသွားပြီ။ နှစ်နေရာ။ ခန့်မှန်းခြေ အကွက်(၃၀)လောက် ရှိမယ် ထင်တယ်” လို့ မနေ့က စစ်အုပ်စုက ဖျက်သွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက ဆိုပါတယ်။
(၂၁)မိုင်ကနေ မေမြို့အထိ ကားလမ်းဘေး ဝဲယာ ခြံခတ်ထားတာတွေကို ဖျက်မယ်လို့ သတင်းထွက်နေပြီး မနေ့က သုံးတောင်ရွာအနီးက အကွက်တွေ စဖျက်ကြောင်းနဲ့ မေမြို့ လာရိူးလမ်း မေးတင်၊ ကွက်စိပ်ရိုက်တွေ အဓိကထား ဖျက်မယ်လို့ သတင်းကြားကြောင်း ဒေသခံတွေက ဆိုပါတယ်။ ဘယ်နေရာတွေ ဘယ်လောက်အထိ ဖျက်မယ်ဆိုတာကိုတော့ MFP အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
မေမြို့က မြေကွက်တွေကို ဖျက်ဆီးနေတာနဲ့ ပတ်သက်ပြီး နိုင်ငံတော် စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေပေါ်မှာ တရားမဝင် တည်ဆောက်ထားတဲ့ ခြံစည်းရိုး၊ အဆောက်အအုံနဲ့ နေအိမ်တွေကို စစ်အုပ်စုရဲ့ မေမြို့ အုပ်ချုပ်ရေးအဖွဲက ဇူလိုင်(၂၂)ရက်က စတင်ကာ ဖျက်ဆီး ရှင်းလင်းတာ ဖြစ်တယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။