ပြီးခဲ့တဲ့ မေလအတွင်း နိုင်ငံအဝှမ်း မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရတဲ့ အမျိုးသမီး အရေအတွက် ဟာ ၄၄ ဦးရှိခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂက စာရင်းပြုစုထားပါတယ်။
ပျမ်းမျှအားဖြင့်မေလထဲမှာ တစ်ရက်ကို အမျိုးသမီး တစ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းဆီးခံရသူတွေဟာ မန္တလေးတိုင်းကအများဆုံးဖြစ်ပါတယ်။ စုစုပေါင်းဖမ်းခံရသူ အမျိုးသမီး ၄၄ ဦးအနက် ၁၃ ဦးဟာ မန္တလေးတိုင်းကပါ။ဒုတိယအများဆုံးဒေသတော့ တနင်္သာရီတိုင်းဖြစ်ပြီး ၁၀ ဦး ဖမ်းဆီးခံခဲ့ရတာပါ။
ကျန်တဲ့သူတွေဟာ ရန်ကုန်တိုင်း၊ပဲခူးတိုင်း ၊မကွေးတိုင်း ၊စစ်ကိုင်းတိုင်း ၊ဧရာဝတီတိုင် ၊ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့က ဖြစ်တယ်လို့သိရပါတယ်။
ဒါအပြင် မေလ ထဲမှာ စစ်ကောင်စီလက်ချက်နဲ့သေဆုံးခဲ့ရသူ အမျိုးသမီး ၂၉ ဦးထိရှိခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂက ဆိုထားပါတယ်။
သေဆုံးရတဲ့အကြောင်းတွေထဲမှာ လေကြောင်းကနေတိုက်ခိုက်ခံရတာ ၊ မီးရှို့သတ်ဖြတ်ခံရတာ ၊ပစ်ခတ်သတ်ဖြတ်ခံရတာ ၊လက်နက်ကြီးထိမှန်တာတွေကြောင့်ဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့မေလကုန်အထိ အမျိုးသမီး ၃,၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရတာပါ။