ရခိုင်ပြည်၊ မောင်တောမြို့၊ ရန်အောင်ပြင် ကင်းစခန်းအား ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့ပြီး လက်နက်ချ အညံ့မခံသည့် စစ်ကောင်စီ စစ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။
ရန်အောင်ပြင် ကင်းစခန်းအား ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် နံနက် ၇ နာရီ ၃၂ မိနစ်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နေ့လယ် ၁၂ နာရီ ၁၅ မိနစ် တိုက်ခိုက်မှု ၅ နာရီအကြာတွင် ၎င်းစခန်းအား အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ၎င်း ပတ်ဝန်းကျင်ရှိ လက်ကျန်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း AA က ဆိုသည်။
အလားတူ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား မြို့များ၌ ရှိသော လက်နက်ချအညံ့မခံသည့် စစ်ကောင်စီ၏ စစ်စခန်းများကို AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
မင်းပြားမြို့မှ တစ်ခုတည်းသော စစ်ကောင်စီ၏ လက်ကျန်စခန်းဖြစ်သည့် ကမ်းနီနှင့် မေလွမ်းကျေးရွာအနီးရှိ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို AA မှ ၆ ရက်မြောက် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပုဏ္ဏားကျွန်း မြို့မရဲစခန်းကိ AA က တိုက်ခိုက်ပိုက်ရရှိခဲ့ပြီး ပုဏ္ဏားကျွန်းမြို့မှ ခမရ ၅၅၀ ကိုလည်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းနှင့် ရမ်းဗြဲမြို့ကိုလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို လုပ်ဆောင်လျက် ရှိနေကြောင်း AA က သတင်းထုတ်ပြန်သည်။